Calvary Burmese Church

ကရာနီမြန်မာအသင်းတော်

နှစ်ခါပြန်ချီးမွမ်းလိုက်ပါ။

အငြိမ်းစားအင်ဂျင်နီယာ ဦးသာမျိုးရဲ့ ခြေထောက်မှာ ဗွေပါလာသလားမသိပါ။ အငြိမ်းစားမယူခင် အလုပ်ခွင်မှာရှိစဉ် ကတည်းက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးသွားလာနေရခြင်းကို ကျေနပ်နေသော ဦးသာမျိုး.. အခုလို အငြိမ်းစားယူလိုက်ပြီးဆိုတော့ သူ့အတွက်ပိုပြီး လွတ်လပ်ရေးရသွားပြီပေါ့။ အိမ်မှာနေတဲ့အချိန်ထက် အပြင်ထွက်ချိန်က သူ့အတွက်ပိုရလာသည်။ ခရီးဝေးသွားစရာ မရှိရင်လည်း ရွှေပြည်သာဘက်ကို ခြေလျင်လမ်းလျှောက်သည်။ ဒလ ဘက်ကနေ တွံတေးကို အပေါင်းအသင်းတွေနဲ့ ကုန်းကြောင်းလျှောက်ကြပြန်သည်။ တော်ရုံတန်ရုံလူတွေ မလုပ်တာကို သူတို့လုပ်ကြသည်။ သူ့အသက်အရွယ်ကလည်း ရှစ်ဆယ်နားကို ကပ်နေပြီဖြစ်၍ ငယ်ရွယ်သောသူ တစ်ယောက်တော့ မဟုတ်တော့သော်လည်း လူရော၊ စိတ်ပါ နုပျိုတက်ကြွနေဆဲ၊ သန်တုန်း၊ မြန်တုန်း၊ ထစ်ကနဲဆိုရင် လက်ကပါသွားပြီ။ သူကသည်လိုလူစားမျိုး…..၊

အခုလည်း တပည့်ဟောင်းတစ်ဦးက အလည်ခေါ်၍ အိမ်ကသူ့အဖွါးကြီးကို ခေါက်ထားပြီး မုဒုံဘက်ဆီကို တစ်ကိုယ်တော် ခရီးထွက်လာခဲ့ပြန်သည်။ ဦးသာမျိုး စီးလာသော အဝေးပြေးမော်တော်ယာဉ်က ခရီးသည်များ ညစာစားဖို့အတွက် မုပ္ပလင် တွင်ရပ်လိုက်သည်။ မော်တော်ကားစပယ်ယာက ခရီးသည်များ ညစာစားဖို့ ကားပေါ်မှ ဆင်းနိုင်ကြောင်း ပြောလိုက်ရာ ဦးမျိုးသာလည်း ထမင်းဆိုင်ထဲဝင်ပြီး ထမင်းမှာစားလိုက်သည်။

ဦးသာမျိုးဆီမှာ ချစ်စရာကောင်းပြီး အတုယူရမည့် အရာလေးတစ်ခုရှိသည်။ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်စားသောက် ဆိုင်ကို ရောက်သည်ဖြစ်စေ၊ အစာမစားခင် လက်နှစ်ဖက်ကို သေသေချာချာ လက်အုပ်ချီပြီး တရိုတသေနဲ့ ကျေးဇူးတော်ချီးမွမ်းပြီးမှသာ စားသောက်တတ်သည့် အကျင့်လေးပင်ဖြစ်သည်။

ဦးသာမျိုး ညစာစားပြီးသွားချိန်တွင် နောက်ထပ်ခရီးသည်တင် ကားတစ်စီးမှာ ဦးသာမျိုး စားနေသော ထမင်းဆိုင်ရှေ့သို့ ဆိုက်လိုက်ပါသည်။ ကားပေါ်မှ ချင်းမိသားစု တစ်စု ဆင်းလာပြီး ဦးသာမျိုး၏ စားပွဲနှင့်ကပ်လျက် စားပွဲတွင် ဝင်ထိုင်ပြီး ကိုယ်ကြိုက်ရာကိုယ် မှာစားကြသည်။ သူတို့အဖွဲ့ထဲတွင်ပါလာသော ချင်းမကလေးတစ်ဦးမှာ တော်တော်ကိုလှသည်။ ကိုယ်လုံးကိုယ်ပေါက်၊ မျက်နှာအနေအထား၊ ဆံပင်ကအစ ခြေဖျားအထိ ဘာတစ်ခုမှ အပြစ်ပြောစရာမရှိအောင်လှသည်။ ထိုချင်းမလေးကို မြင်လိုက်သည်နှင့် ဦးသာမျိုးရင်ထဲတွင် ဗြောင်းဆန်သွားပြီး မျက်လုံးနှစ်လုံး ကျွတ်ထွက်သွားမတတ် စူးစိုက်ကာ ကြည့်နေမိသည်။ ချင်းမလေးကတော့ ဦးသာမျိုး၏ အဖြစ်ကို မသိရှာပါ။

သူတို့အုပ်စုကလည်း ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည့်အတိုင်း အုပ်စုထဲမှ အသက်ကြီးကြီးနှင့် ချင်းအမျိုးသားကြီး တစ်ဦးက မတ်တတ်ရပ်ပြီး လက်အုပ်ချီကာ အစားအစာအတွက် ကျေးဇူးတော်ချီးမွမ်းနေသည်ကို မြင်လိုက်ရသည့် ဦးသာမျိုးရဲ့စိတ်ထဲမှာလည်း သူ . . .ခရစ်ယာန်ဖြစ်ကြောင်း ချင်းမလေးကိုလည်း သိစေချင်သည်။ မည်သည့်နည်းနှင့် ခရစ်ယန်ဖြစ်တယ်ဆိုတာ လုပ်ပြရမလဲဟု စဉ်းစားရင်း ရုတ်တရက် အကြံပေါ်လာကာ လက်နှစ်ဘက်ကို လက်အုပ်ချီပြီး ကျေးဇူးတော်ချီးမွမ်းလိုက်သည်။ ဦးသာမျိုးကို အကဲခတ်နေသည့် တစ်ဖက်စားပွဲဝိုင်းမှ ချင်းအမျိုးသားကြီးကလည်း အမှတ်မထင်တွေ့သွား၍ ဦးသာမျိုးဆီသို့ ထလာပြီး . . .

”ဆရာကြီးက ခရစ်ယာန်ထင်တယ်” ဟုမေးလိုက်ရာ ငါလုပ်လိုက်တာကို သူတို့မြင်သွားပြီဟု တွေးကာ ဝမ်းသာအားရ နှင့် . . .

”ဟုတ်ကဲ့ . . . ကျွန်တော်ခရစ်ယာန်ပါ။  ဒါနဲ့ နေပါဦး . . ကျွန်တော်ခရစ်ယာန်မှန်း ခင်ဗျားဘယ်လိုလုပ် သိတာလဲ”

ဦးသာမျိုးက မှင်သေသေနှင့် ဘာမှမသိသလိုပြန်မေးလိုက်ရာ ချင်းအမျိုးသားကြီးက . . .

”ကျွန်တော်က ဆရာကြီးကို အစောကြီးကတည်းက အကဲခတ်နေတာ။ ဆရာကြီးလက်အုပ်ချီပြီး ကျေးဇူးတော်ချီးမွမ်း နေတာတွေ့လို့ခရစ်ယာန်မှန်းသိလိုက်တယ်။  ဒါပေမယ့် ခရစ်ယာန်တွေက အစာမစားခင်မှာပဲ ကျေးဇူးတော်ချီးမွမ်းတတ်ကြတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ။ အခုဆရာကြီးက ဘာဖြစ်လို့ အစာစားပြီးမှ ကျေးဇူးတော်ချီးမွမ်းတာလည်းဆိုတာ သိချင်လို့လာမေးတာပါ။ ကျွန်တော်တို့အတွက် နည်းနည်းထူးဆန်းနေလို့”

ဦးသာမျိုး ခေါင်းနပန်းကြီးသွားပြီပေါ့။ ”ငါလည်း ခရစ်ယာန်ပါ” ဆိုသည်ကို တစ်ဖက်က ချင်းravးသိအောင် ချော်လဲရောထိုင်ပြီး လက်အုပ်ချီလိုက်ခြင်းသာဖြစ်သည်။ အမှန်တကယ်ပြောရရင်တော့ ကျေးဇူးတော်ချီးမွမ်းလိုက်ခြင်း တော့မဟုတ်ပါ။ ခုလိုလာမေးတော့ ဘာပြန်ဖြေရမှန်းမသိအောင် ရုတ်တရက်အဖြေ ကြပ်သွားသည်။

သို့သော်လည်း ”စာဂျပိုး . . . သာမျိုး” ပဲလေ။ ပြန်ဖြေဖို့ အဖြေကချက်ချင်း ခေါင်းထဲပေါ်လာသည်။

”ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာက အစာမစားခင်မှာဘဲ ချီးမွမ်းရမှာလား။ ခင်ဗျားကို ကျွန်တော်ပြောမယ်။ စားသောက်နေတုန်း အစာမကြေဘဲ အော့အန်မယ်ဗျာ။ စားသောက်နေတုန်း မူးလဲသွားမယ်ဗျာ။ တစ်ချို့ဆို စားသောက် နေတုန်း အသက်တောင်ပါသွားတဲ့သူတွေရှိတယ်။ အဲဒီလိုဘာမှမဖြစ်ဘဲနဲ့ကောင်းကောင်းမွန်မွန် စားသောက်ပြီးသွားတဲ့ အတွက် ဘုရားကို ကျေးဇူးမတင်ရတော့ဘူးလား။ ကျေးဇူးတော်မချီးမွမ်းရတော့ဘူးလား။  ဒါမှလည်း ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပြည့်ဝတော့မှာပေါ့။ ဟုတ်တယ်မဟုတ်လား ”

ဦးသာမျိုးရဲ့ အဖြေကို ချင်းအမျိုးသားကြီးက တအံ့တသြနဲ့ ပါးစပ်အဟောင်းသား နားထောင်ရင်း . . .

”အင်း . . .ဆရာကြီးပြောတော့လည်း ဟုတ်တာပဲ။ ကျွန်တော်တို့လည်း ခရစ်ယာန်တွေဆိုပေမယ့် ဒီလိုမျိုး တစ်ခါမှ မတွေးခဲ့မိဘူး။ ဆရာကြီးပြောသလို အစာမစားခင် တစ်ကြိမ်၊ စားပြီးတစ်ကြိမ် ကျေးဇူးတော်ချီးမွမ်းဖို့ လိုတာပေါ့။ ကျွန်တော်တို့လည်း မှတ်ထားရမယ်။ ကျေးဇူးတင်တယ်နော် ဆရာကြီး ”

ချင်းအမျိုးသားကြီးကတော့ ဦးသာမျိုးကို အထင်ကြီးတစ်ခွဲသားနဲ့ နှုတ်ဆက်ပြီး သူ့စားပွဲဆီသို့ ပြန်ထွက်သွားသည်။

ဦးသာမျိုးမှာ ယခုမှပင် ‘ဟင်း. . .’ကနဲ သက်ပြင်းချနိုင်ပါတော့၏။ ကိုယ့်အတတ်နဲ့ကိုယ် လုပ်လိုက်ပြီးမှ တစ်ဖက်မှ လာမေးလို့သာ ပြန်ဖြေလိုက်ရခြင်းဖြစ်သည်။ သူ့ပါးစပ်က ဘာတွေပြောလိုက်လို့ ဘာတွေထွက်သွားမှန်းကိုပင် သူမသိလိုက်ပါ။ ချင်းမလေးဆီသို့ ရောက်နေသည့် သူ့ရဲ့ မသိစိတ်က အလိုလိုထွက်လာပြီး ပြောလိုက်ခြင်းသာ ဖြစ်ကောင်းဖြစ်လိမ့်မည်။

ချင်းအမျိုးသားကြီးကတော့ ခုအချိန်လောက်ဆိုလျှင် ထိုအကြောင်းတွေကို သူ့စားပွဲဝိုင်းမှာ ပြန်ပြီးပြောနေလောက်ပြီပေါ့။

ဦးသာမျိုးမှာ တစ်ဖက်စားပွဲက ချင်းမလေးကို ငေးမောကြည့်နေသည်။ ချင်းမလေးကလည်း ဦးသာမျိုးကို ပြန်ပြီးငေးမောကြည့်နေသည်။ တစ်ဦးနဲ့ တစ်ဦးအကြည့်ချင်းဆုံနေကြသော်လည်း ကြည့်နေပုံခြင်းကတော့ဖြင့် မတူပါ။ တစ်ဦးကတစ်စုံတစ်ယောက်ရဲ့ လှပပြေပြစ်မှုအပေါ်မှာ စိတ်ဝင်တစားနှင့် ငေးကြည့်နေခြင်းသာဖြစ်ပြီး ကျန်တစ်ဦး ကတော့ အော် . . . လူထူးလူဆန်း ပုဂ္ဂိုလ်ကြီးတစ်ဦးပါလားဆိုသည့် အကြည့်နှင့် ငေးကြည့်နေသယောင်ယောင် . . ။

မည်သို့ပင်ဖြစ်စေ ဦးသာမျိုး၏ ပါးစပ်က ရမ်းပြီးပြောလိုက်သော တစ်ကြိမ်မက ကျေးဇူးတော်ချီးမွမ်းရမည်ဆိုသည့် စကားလေးတစ်ခွန်းသည် ယနေ့ ယုံကြည်သူတိုင်း သင်ခန်းစာယူရမည့် စံနမူနာစကားလေးတစ်ခွန်းပင် မဟုတ်ပါလား . . .။

ညွန့်လွင် (ကမာရွတ်)




မှတ်ချက်။        ။အောက်တိုဘာလထုတ် မြန်မာ့တမန် မဂ္ဂဇင်းမှကောက်နုတ်တင်ပြထားပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on December 9, 2010 by in Christian Life and tagged .