Calvary Burmese Church

ကရာနီမြန်မာအသင်းတော်

ငါတို့သည် ထ၍တည်ကြည်ကြကုန်အံ့

ငါတို့သည် ထ၍ တည်ကြည်ကြ ကုန်အံ့ လို့ပြောတဲ့ အခါ နေဟမိ ဆိုတဲ့ဂျူးလူမျိုး တစ်ယောက်က ယုဒ လူတို့ကို စည်းရုံးဦးဆောင်ပြီး  ယေရုရှလင် မြို့ရိုးကိုပြန်လည် တည်ဆောက် တဲ့အကြောင်းကို ပြောမှာဘဲဆိုတာ ခရစ်ယာန် များသိပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဓမ္မသဘောအရ တည်ဆောက်ခြင်းဆိုတာ အဆောက်အဦးတစ်ခုကို တည်ဆောက်ခြင်းကို ဆိုလိုသလို၊ ဘုရားသခင်၏နိုင်ငံတော်ကိုတည်ဆောက်ခြင်း၊ အသင်းတော်ကို တည်ဆောက်ခြင်း၊ မိမိတို့၏၀ိညာဉ်ရေးအသက်တာကိုတည်ဆောက်ခြင်း စသည်တို့ကိုလည်းဆိုလိုပါတယ်။ ဒါကြောင့် နေဟမိက ယေရုရှလင်မြို့ရိုးကို တည်ဆောက်ခဲ့တာကို စဉ်းစားဆင်ခြင်ပြီး နိုင်ငံတော်၊ အသင်းတော် နှင့် ၀ိညာဉ်ရေးအသက်တာကို တည်ဆောက်သွားကြမှာဖြစ်ပါတယ်။
နေဟမိဟာ ဗာဗုလုံ လူမျိုးတို့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ဂျူးလူမျိုး မိသားစုမှ ပေါက်ဖွါးခဲ့သူဖြစ်ပါတယ်။ သူဟာယဇ်ပုယောဟိတ် မဟုတ်သလို ပရောဖက်တစ်ယောက်မဟုတ်ပါဘူး။ ဒါကြောင့်သူ့နာမည်ဟာ နေဟမိမှတ်စာ ထဲမှာမှ တစ်ပါး သမ္မာကျမ်းစာထဲမှာ ဖော်ပြခြင်းမခံရပါဘူး။ ဒါပေမယ့် ဣသရေလ သမိုင်းမှာတော့ သူ့အမည်ဟာ ယောသပ်၊ ဧသတာ၊ ဒံယေလတို့ အမည်ကဲ့သို့ အရေးပါထင်ရှားတဲ့ အမည်ဖြစ်ပါတယ်။ သူဟာ ပါရှားဘုရင် အာတဇေရစ်မင်းကြီးရဲ့ ဖလားတော်ကိုင်ဖြစ်ပါတယ်။ ပါရှားဘုရင့် နန်းတော်မှာ ဖလားတော်ကိုင် ဆိုတဲ့ရာထူးက သေးနုပ်တဲ့ရာထူးတစ်ခု မဟုတ်ပါဘူး။ ရှင်ဘုရင်က ယုံကြည်စိတ်ချတဲ့သူကိုမှ ခန့်ထားလေ့ရှိတဲ့ ရာထူးဖြစ်ပါတယ်။ ရှင်ဘုရင်ကို အဆိပ်ခတ်ပြီး လုပ်ကြံခြင်းမခံရအောင် ကာကွယ်စောင့်ရှောက်ရတာ သူ့တာဝန်ပါ။ ရှင်ဘုရင့် လူယုံတော်ဖြစ်သလို အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

နေဟမိဟာ ဘုရင့်နန်းတော်မှာ တာဝန်ထမ်းဆောင်နေရပေမယ့် မိမိ၏လူမျိုး၊ မိမိနိုင်ငံရင်းအပေါ်မှာ ကရုဏာစိတ် ကြီးမားသူဖြစ်ပါတယ်။ အာတဇေရစ်မင်းကြီး၏ နန်းစံနှစ် အနှစ်နှစ်ဆယ်မှာ သူ့ညီ ဟာနန် နှင့် ယုဒလူအချို့ဟာ သူ့ထံသို့လာကြပြီး “ယုဒပြည်၌ နေသောသူတို့သည် ကြီးစွာသောဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက် မြို့တံခါးလည်း မီးလောင်၍ကုန်ပြီ´´ (နေ ၁း ၂-၃) ဆိုတဲ့သတင်းကို ပြောကြားပါတယ်။

သည်သတင်းကိုကြားတဲ့အခါ နေဟမိ အလွန်စိတ်ထိခိုက်ကြေကွဲပြီး ကာလအတန်ကြာမျှ ငိုကြွေးမြည်တမ်း ခဲ့ပါတယ်။ အစာရှောင် ဆုတောင်းခဲ့ပါတယ်။ ထို့နောက်မှ အာတဇေရစ် မင်းကြီးရဲ့ ရှေ့တော်မှောက်ကို ၀င်ရောက်ပြီး “ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရမြို့သည် ပျက်စီးလျက် မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သော ကြောင့် ကျွန်တော်သည် ထိုမြို့ကိုပြုစုမည်အကြောင်း ယုဒပြည်သို့ စေလွှတ်တော်မူပါ” ဟုတောင်းလျှောက်ပါတယ်။ ရှင်ဘုရင်က အသာတကြည် ခွင့်ပြုတော်မူတဲ့အတွက် နေဟမိဟာ ယုဒလူတို့ကို ဦးဆောင်ပြီး ယေရုရှလင်မြို့ရိုးကို ပြင်ဆင်တည်ဆောက်ဖို့ ယုဒပြည်သို့ပြန်လာကြပါတယ်။
မြို့ရိုးကိုပြန်လည်တည်ဆောက်ခြင်း
ယေရုရှလင်မြို့ ရောက်တဲ့အခါ (၃) ရက် အနားယူပြီး နေဟမိဟာ ညအချိန်မှာ မြို့ရိုးကို လှည့်လည်စစ်ဆေး ပါတယ်။ ထို့နောက်မှ ယုဒလူတို့ကို စုဝေးစေပြီး ဘုရားသခင်၏ ကျေးဇူးတော်နှင့် ရှင်ဘုရင် မိန့်တော်မူလိုက်တဲ့ စကားတို့ကို ပြောကြားပါတယ်။ ဒီတော့ ယုဒလူတို့ဟာ “ငါတို့သည် ထ၍ တည်ကြကုန်အံ့” ဟုဆိုလျက် တစ်ဦးကို တစ်ဦး နှိုးဆော်၍ မြို့ရိုးကို ပြန်လည်တည်ဆောက်ကြပါတယ်။ မြို့ရိုးကိုပြန်လည်တည်ဆောက်တဲ့သတင်းကို ဟောရနိလူ သမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသား သောဘိနှင့် အာရမ်းအမျိုးသား ဂေရှင်တို့ ကြားတဲ့အခါ သူတို့က ပြက်ရယ်ပြုကြပါတယ်။ “သင်တို့သည် အဘယ်သို့ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လော” (နေ ၂း ၁၉) ဟုဆိုကြပါတယ်။
ထိုခေတ်ထိုအချိန်က စစ်ရှုံးနိုင်ငံများ၏ မြို့တော်၊ မြို့ရိုးတို့ကို ပြန်လည်တည်ဆောက်ခြင်းဟာ ပါရှားဘုရင်၏ အာဏာစက်ကို အံတုခြင်းဖြစ်တယ်။ ရှင်ဘုရင်ကို ပုန်ကန်ရန် ကြံစည်ခြင်းဖြစ်တယ်လို့ ပါရှား လူမျိုးတို့က မှတ်ယူလေ့ရှိပါတယ်။ နေဟမိ က ပါရှားဘုရင်၏ ဖလားတော်ကိုင်၊ လူယုံဖြစ်တဲ့အတွက် ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ နေဟမိက “ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်သည် ငါတို့အား အခွင့်ပေးတော်မူမည်။ ထို့ကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍ တည်မည်” (နေ ၂း ၂၀) ဟုဆိုလျက် ဘုရားသခင်၌ ဆုတောင်၍ မြို့ရိုးကို ဆက်ကပ်တည်ဆောက်ကြပါတယ်။
မြို့ရိုးဆက်လက်တည်ဆောက်ကြောင်း သမ္ဘာလတ်နှင့် သူ့လူတွေကြားတဲ့အခါ အလွန်ဒေါသအမျက်ထွက်ပြီး “အားနည်းသော ယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း ကိုယ်ကို ခိုင်ခန့်စေမည်လော။ ယဇ်ပူဇော်မည်လော၊ တစ်နေ့ချင်းတွင် လက်စသပ်မည်လော၊ ကျွမ်းလောင်သော ကျောက်တုံးတို့ကို အမှိုက်ပုံးများ ထဲမှထုတ်၍ ပြုပြင်မည်လော” (နေ ၄း ၂) ဟု မိမိ အမျိုးသာချင်း ရှာမာရိတပ်သားတို့ရှေ့မှာ ပြောကြားပါတယ်။ အနားမှာရှိတဲ့ အမ္မုန် အမျိုးသား သောဘိ ကလည်း “သူတို့တည်သော ကျောက်ရိုးကို တော်ခွေးထိလျှင် ပြိုလဲလိမ့်မည်” လို့ ပြက်ရယ်ပြုပါတယ်။
ဒါပေမယ့် နေဟမိနှင့် သူ့လူများဟာ စိတ်ပျက်အားလျော့ခြင်း မရှိဘဲ ဆုတောင်း၍ မြို့ရိုးကို ဆက်လက်တည်ကြ ပါတယ်။ မြို့ရိုးတည်ဆောက်ခြင်း အမှုရပ်ဆိုင်းသွားခြင်းမရှိကြောင်းကြားသိတဲ့အခါ သမ္ဘာလတ်၊ သောဘိ နှင့် အာရမ်လူတို့ အလွန်ဒေါသထွက်ပြီး “ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်” လို့ တစ်ညီတစ်ညွတ်တည်း ဆွေးနွေးတိုင်ပင်ကြပါတယ်။ နေဟမိ က ယုဒလူတို့ကို “ရန်သူကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်ဖွယ်ဖြစ်သော ထာဝရဘုရားသခင်ကို အောက်မေ့ကြလော့။ ညီအစ်ကို၊ သားမယား၊ အိမ်ယာအဖို့ တိုက်ကြလော့” (နေ ၄း ၁၄) လို့ အားပေးစကားပြောကြားပြီ ထိုအချိန်မှ စ၍ နေ့ညမပြတ် ကင်းစောင့်ထားပါတယ်။ ယုဒလူတစ်ဝက်က အလုပ်လုပ်ကြပြီး တစ်ဝက်ကတော့ လှံ၊ ဒိုင်း၊ လေး၊ သံချပ်တွေ ကိုင်ဆောင်ကြပါတယ်။
မြို့ရိုးကို တည်ဆောက်သူများဟာ လက်တစ်ဖက်နှင့် အလုပ်လုပ်ကြပြီး လက်တစ်ဖက်နှင့် လက်နက်ကိုင်ကြပါတယ်။ ခါးမှာ ဓါးကိုဆွဲပြီး တည်ဆောက်ကြပါတယ်။ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို မကြောက်၊ ဘုရားသခင်၌ ယုံကြည်ကိုးစားသောစိတ်ဖြင့် တည်ဆောက်ခဲ့ကြတဲ့အတွက် (၅၂) ရက်ပြည့်သောနေ့မှာ ယေရုရှလင်မြို့ရိုးကို လက်စသတ်နိုင်ခဲ့ပါတယ်။
နေဟမိထံမှ သင်ယူရမည့်အချက်များ
နေဟမိ၏ ယေရုရှလင်မြို့ရိုး တည်ဆောက်ခြင်း အမှုကို စဉ်းစားဆင်ခြင်တဲ့အခါ နေဟမိ၏ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားခြင်းနှင့် ဆုတောင်းခြင်းအားကြီးသူ၊ ခေါင်းဆောင်မှု၊ စည်းရုံးဆောင်ရွက်နိုင်မှု၊ စီမံခန့်ခွဲနိုင်မှု၊ အခက်အခဲပြဿနာများ ကြုံတွေ့လာရတဲ့အခါ လျင်မြန်တိကျစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်မှု စသဖြင့် တွေ့မြင်ရပါတယ်။ အရေးအကြီးဆုံး အချက်က နေဟမိ၏ ကိုယ်ကျိုးစွန့် အမှုတော်ဆောင်တဲ့ စိတ်ဓါတ် (Self sacrificing Spirit) ဖြစ်ပါတယ်။ နေဟမိ လုပ်ဆောင်ခဲ့သမျှဟာ မိမိ အကျိုးအတွက် ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ မိမိ၏ ဘုရားသခင်၊ မိမိ၏လူမျိုးတော်၊ မိမိ၏နိုင်ငံတော်အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်။ မိမိလူမျိုးအတွက် အမှုတော်ဆောင်နိုင်ဖို့ ပါရှားဘုရင်ရဲ့ ဖလားတော်ဝန်ရာထူးကို စွန့်လွှတ်ခဲ့သူဖြစ်ပါတယ်။
မြို့ဝန် ရိက္ခာကို မစားဘဲ ယေရုရှလင်မြို့ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ နေဟမိက “အို… ဘုရားသခင်၊ ဤလူတို့အဖို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မှုပါ” (နေ ၅း၁၉) ဟု ဆုတောင်းလေ့ရှိပါတယ်။ ဒီဆုတောင်းချက်က နေဟမိရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓါတ်ကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။ နေဟမိထံက ကျွန်တော်တို့ သင်ယူရမယ့် အချက်များအနက် အခြေခံအချက် (၄) ချက်ကို ဝေမျှပေးချင်ပါတယ်။
(က) Compassion (သနားခြင်း ကရုဏာစိတ်)
သနားခြင်း ကရုဏာစိတ်ဆိုတာ ဘုရားသခင်၏ အလိုတော်ကို နာခံလိုက်လျှောက်နိုင်ဖို့ တွန်းအားပေးနေတဲ့ အင်အားတစ်ရပ်ဖြစ်ပါတယ်။ နေဟမိဟာ မိမိ၏ လူမျိုးများ ပင်ပန်းဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်း ကြီးစွာခံစားနေရကြောင်း ကြားသိရတဲ့အခါ သနားခြင်း ကရုဏာစိတ်ဖြင့် ကာအတန်ကြာ ငိုကြွေးပြီး အစာရှောင် ဆုတောင်းခဲ့ပါတယ်။
(ခ) Co-operation (ပူးပေါင်းဆောင်ရွက်မှု)
ဘုရားသခင်၏ အလိုတော်ကို နာခံလိုက်လျှောက်ရမှာ အများနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နေဟမိဟာ ယေရုရှလင် မြို့ရိုး တည်ဆောက်ဖို့အတွက် ယဒလူတွေနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ယုဒလူတို့ ရဲ့ ၀ိညာဉ်ရေးအသက်တာကို ပြန်လည်တည်ဆောက်ဖို့အတွက် ယဇ်ပုယောဟိတ် ကျမ်းတတ်ဆရာ ဧဇရ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
(ဂ) Confidence (ယုံကြည်စိတ်ချမှု)
ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာမှာ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့လိုအပ်သလို မိမိကိုယ်မိမိ ယုံကြည်စိတ်ချရန် လိုအပ်ပါတယ်။ နေဟမိဟာ ဘုရားသခင်အပေါ်၌ ယုံကြည်ကိုးစားသောစိတ်၊ မိမိကိုယ်မိမိ ယုံကြည်စိတ်ချသောစိတ်ဖြင့် ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နှုတ်တော်ထွက်တရား (ဘုရားသခင်၏ ကတိတော်များ) ကို စဉ်းစားဆင်ခြင်ခြင်း၊ ဆုတောင်းခြင်းအားဖြင့် ယုံကြည်စိတ်ချမှုကို နေဟမိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
(ဃ) Courage (ရဲရင့်သောစိတ်)
ရဲရင့်သောစိတ်ဆိုတာ ခြိမ်းခြောက်မှု၊ သွေးဆောင်ဖျားယောင်းမှု၊ နှောင့်ယှက်ဟန့်တားမှုတွေကို အလျှော့မပေးဘဲ မိမိ၏ယုံကြည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော စိတ်ဓါတ်ဖြစ်ပါတယ်။ နေဟမိ ဟာ ရန်သူတို့၏ ပြက်ရယ်ပြုမှု၊ နှောက်ယှက်ဟန့်တားမှု၊ ခြိမ်းခြောက်မှုတွေကို အလျှော့မပေးဘဲ မိမိ၏ ယုံကြည်ချက်အပေါ်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တာကို တွေ့မြင်ရပါတယ်။
နိဂုံး
နေဟမိ၏ အသက်တာဟာ ဆုတောင်းခြင်း အားကြီးတဲ့ အသက်တာဖြစ်ပါတယ်။ နေဟမိ လုပ်ဆောင်သမျှဟာ ဘုရားသခင်နှင့်အတူလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဘုရားသခင်က နေဟမိ၏ ဆုတောင်ခြင်းကို အဖြေပေး၍ နေဟမိ နှင့် အတူ လုပ်ဆောင်ခဲ့ခြင်းကြောင့် ယေရုရှလင်မြို့ရိုးကို (၅၂) ရက်အတွင်းမှ အပြီးတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆာလံ ၁၂၇း၁ မှာ ဆာလံဆရာက “ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီး လုပ်ဆောင်ကြ၏” လို့ပြောပါတယ်။ ဘုရားသခင်က နေဟမိ နှင့် အတူ မတည်ဆောက်ဘူးဆိုလျှင် နေဟမိ ၏ လုပ်ဆောင်ချက်ဟာ အချည်းနှီးဖြစ်မှာ သေချာပါတယ်။
ဒါကြောင့် ယေရုရှလင်မြို့ရိုးတည်ဆောက်ပြီးစီးသွားတဲ့အခါ နေဟမိ က “ထိုအမှုသည် ငါတို့၏ ဘုရားသခင်အခွင့် နှင့် ပြီးစီးကြောင်း” ကို ၀န်ခံပြောကြားခဲ့ပါတယ်။ နေဟမိ ကို ဓမ္မပညာရှိတွေက “ဓမ္မဟောင်းခေတ်၏ ယာကုပ်” (James of the Old Testament) လို့တင်စားခေါ်ဆိုကြပါတယ်။ ရှင်ယကုပ် ဟာ ယုံကြည်ခြင်းတရားကို လက်တွေ့ အလုပ် (အကျင့်တရား) အားဖြင့် သက်သေပြကြဖို့ ယုံကြည်သူအားလုံးကို စိန်ခေါ်ခဲ့သလို နေဟမိ ကလည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို လက်တွေ့ လုပ်ဆောင်ခြင်းဖြင့် သက်သေပြကြဖို့ ယုဒလူတို့ကို စိန်ခေါ်ခဲ့တဲ့သူဖြစ်ပါတယ်။
နေဟမိဟာ ယေရုရှလင်မြို့ရိုးကို ဘုရားသခင်အား ယုံကြည်ကိုးစားသောစိတ်ဖြင့် တည်ဆောက်ခဲ့သလို ကျွန်တော်တို့သည်လည်း ဘုရားသခင်၏ နိုင်ငံတော်၊ အသင်းတော်နှင့် မိမိတို့တစ်ဦးစီ၏ ၀ိညာဉ်ရေး အသက်တာကို တည်ဆောက်ကြရမှာဖြစ်ပါတယ်။ နေဟမိ၏ သနားခြင်း ကရုဏာစိတ်၊ အများနှင့် ပူးပေါင်းဆောင်ရွက်လိုသောစိတ်၊ ဘုရားသခင်ကို ယုံကြည်ကိုးစားသလို မိမိကိုယ်ကို ယုံကြည်ကိုးစားသောစိတ်၊ အခက်အခဲပြဿနာများ ကြုံတွေ့ရတဲ့အခါ မိမိ၏ ယုံကြည်ချက်အပေါ်မှာ မြဲမြံစွာရပ်တည်ပြီး စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ရဲရင့်သောစိတ်ဖြင့် ရင်ဆိုင်ဖြေရှင်းသွားနိုင်ခြင်းတို့ကို သင်ယူ၍ ခရစ်ယာန်အသက်တာကို လှမ်းလျှောက်သွားကြရမှာဖြစ်ပါတယ်။
ဒေါက်တာတင်လှ
မှတ်ချက်။    ။ နိုဝင်ဘာလ (၂၀၁၀) ထုတ်မြန်မာ့တမန် မဂ္ဂဇင်းမှပြန်လည်တင်ပြထားပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on April 4, 2011 by in Articles Bible Study, Articles Christian Life and tagged .

VISITORS NUMBER

  • 78,503 Since July 2011

Enter your email address to follow this blog and receive notifications of new posts by email.

Join 1,727 other followers

Hours & Info

(202) 347-8355
____________________
Sunday Worship:
1:30 PM - 4:30 PM

____________________
Home Cells:
Maryland: Fri 7:00 PM
Virginia: Mon 7:00 PM