Calvary Burmese Church

ကရာနီမြန်မာအသင်းတော်

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၃)

သူတစ်ပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များ ကိုလွှတ်တော်မူပါ။

ပုထုဇဉ် လူသားများအသက်ရှင်ရာ၌ ငြိမ်သက် ပျော်ရွှင်မှု ရရှိရန် အတွက် ၀လင်စွာ စားရရုံသာမဟုတ်ပဲ အချင်းချင်း ဆက်သွယ်မှု ပြေလည်မှ အသက်ရှင်ခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ ကမ္ဘာ၌ ၀လင်စွာစားသုံးနိုင်သော ထိပ်ဆုံးနိုင်ငံမှာ ဆွီဒင် နိုင်ငံဖြစ်သလို လူသတ်မှုအများဆုံးနိုင်ငံမှာလည်း ယင်းနိုင်ငံပင်ဖြစ်သည်ဟု ဆိုပါသည်။ ထမင်းဝလင်စွာ စားရရုံနှင့် လူ၏ နေ့စဉ် အသက်တာ၌ ပျော်ရွှင်မှု မပေးနိုင်ကြောင်း သိသာထင်ရှားပါသည်။ သာယာ ပျော်ရွှင်ဘွယ်ကောင်းသော ကမ္ဘာဖြစ်ပေါ်လာရန် တစ်ယောက်နှင့် တစ်ယောက် အပြစ်များကို မမှတ်မထား၊ ကလဲ့စားချေမှု မပြုပဲ ရန်မဟုတ်၊ ခွင့်လွှတ်တတ်ကြရန် လိုအပ်ပါသည်။
ဤဆုတောင်းချက်တစ်ခုတည်း ကြည့်ပါက လုပ်အားခ ရယူတောင်းခံသကဲ့သို့ ဖြစ်နေသည်။ ဘုရားမှ အပြစ်လွှတ်ရန် အတင်းတောင်းဆိုသကဲ့သို့လည်း ဖြစ်နေသည်။ သူများ အပြစ်မလွှတ်မခြင်း ဘုရားသခင်မှ ငါတို့အပြစ်ဖြေလွှတ်မည်မဟုတ်ပါ။ သို့ရာတွင် သူများ၏ အပြစ်လွှတ်ခြင်းအားဖြင့် ဘုရားသခင် ကလည်း ငါတို့အပြစ် လွှတ်ရန် အတင်းအကြပ်တောင်းခံသကဲ့သို့ လည်း မဖြစ်စေသင့်ပါ။ ဘုရားသခင်နှင့် လူဆက်ဆံရာ၌ ဤကဲ့သို့ “အခကြေးတောင်းခံခြင်း” သို့မဟုတ် “လုပ်အားခ” တောင်းခံခြင်းမျိုး မရှိနိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းနှင့် စိတ်ရှည်ခြင်းသည် လူသားနှင့် နှိုင်းဆ၍ မရနိုင်ပါ (မဿဲ ၇း၁၁)။ ဘုရားသားများဖြစ်၍ ကိုယ်တော်အား ယုံကြည်စွာ ကြိုးစားအသက်ရှင်နေထိုင်ကြရန် ဆိုလိုခြင်းဖြစ်သည်။

နာမည်ကျော် စာရေးဆရာ Robert Louis Stevenson တို့၏ မိသားစုသည် မိသားစု ၀တ်ပြုအစည်းအဝေး၌ ဤဆုတောင်းပဌနာကို တောင်းလျှောက်ကြသည်။ “သူတစ်ပါးသည် ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ” ဟူသော အပိုဒ်ကို ရွတ်ဆိုရန် ရောက်သောအခါ အပြင်ထွက်ပြီး၊ ဆုတောင်းအစည်းအဝေး မပြီးမချင်း ပြန်ဝင် မလာတော့ပါ။ အစာအိမ်ရောဂါ ရှိသူဖြစ်သောကြောင့် သူ၏ အမျိုးသမီးသည် စိတ်မကောင်းဖြစ်ကာ “ဘယ်လိုဖြစ်သလဲ၊ ရောဂါများထသလား” ဟုမေးသော် မဟုတ်ပါ၊ သို့ရာတွင် သူများ၏ အပြစ်ကို ခွင့်မလွှတ်နိုင်၍၊ ဤဆုတောင်းခြင်းကို မတောင်းချင်သောကြောင့် ရှောင်ခြင်းဖြစ်သည် ဟုဖြေသည်။ မလိုက်လျှောက်နိုင်သဖြင့် ရှောင်ရန် မဟုတ်ပဲ၊ မတတ်နိုင်သောအရာကိုပင်လျှင် ဘုရားသခင်ထံမှ ခွန်အားယူပြီး ကြိုးစားရမည်ဖြစ်သည်။ ဤကား ဘုရားသခင်သားသမီးများ၏ တကယ် ရပ်တည်ရမည့် အခြေအနေဖြစ်သည်။ အပြစ်အကြောင်းလေ့လာကြပါစို့

ကျွန်တော်တို့အပေါ်၌ သူများပြစ်မှားနိုင်သကဲ့သို့ သူများအပေါ်၌လည်း ကျွန်တော်တို့ ပြစ်မှားနိုင်ပါသည်။ ဘုရားသခင်အပေါ်၌လည်း လူသားများ ပြစ်မှားနိုင်သည်ဖြစ်၍ ဤ ပြစ်မှု ဟူသောအရာသည် မည်သို့သောအရာ ဖြစ်အံ့နည်း။ အပြစ်ကို အစုလိုက်ခွဲပါက (၅) ခု ခန့် ခွဲနိုင်ပါသည်။

(က)ဖြစ်သင့်သကဲ့သို့ဖြစ်မလာခြင်း (Harmatia)

အပြစ်ကို ဂရိစကားအားဖြင့် ဟမာတီရာ ဟုခေါ်ပြီး၊ ပစ်မှတ်ကိုလွတ်ချော်ခြင်း ဟုအဓိပ္ပါယ်ရသည်။ နောင်၊ ယခုနှင့် အနာဂါတ် ကာလအတွက် ပြုလုပ်သင့်သလို မဆောင်ရွက်နိုင်ခြင်းမျိုးဖြစ်သည်။ ဥပမာ အနေနှင့် ယေင်္ကျားကောင်း ဖြစ်သင့်ပါလျက် ဖြစ်မလာခြင်း၊ ဇနီးကောင်းဖြစ်သင့်ပါလျက် ဖြစ်မလာခြင်း မျိုးများဖြစ်သည်။ ဘုရားသခင်၏ မျှော်လင့်တောင့်တတော်မူသည့်အတိုင်း မဆောင်ကျဉ်းနိုင်ခြင်း၊ လွဲချော်ခြင်းများဖြစ်သည်။ မည်သူမျှ ဘုရားမျှော်လင့်တောင့်တတော်မူသည့်အတိုင်း မနေနိုင်ခြင်းကြောင့် လူတိုင်း အပြစ်သားဖြစ်ရပါသည်။

(ခ) ခြံစည်းရိုးအပြင်ရောက်ခြင်း (Parabasis)

အပြစ်ဆိုသည်မှာ အကောင်းနှင့် အဆိုးခွဲခြားနိုင်လျှက်နှင့် ခြံစည်းရိုး၏ အပြင်ဖက်ရောက်ပြီး၊ မကောင်းဆိုးဝါး လုပ်ရပ်များ ပြုလုပ်ခြင်းမျိုးဖြစ်သည်။

(ဂ) ခြေချော်ခြင်း (Paraptoma)

လမ်းသွားနေစဉ် ကြိုတင်သတိမထားသောအချိန်၌ ခြေချော်တတ်ပါသည်။ အလားတူ လူ့ဘ၀၌လည်း ကြိုတင်မစဉ်းစားပါသော်လည်း သတိမထားသည့် အချိန်၌ ခြေချော်ပြီး လဲတတ်ပါသည်။ ဤကဲ့သို့ ခြေချော်ရခြင်းမှာ လျှာကြောင့်ဖြစ်တတ်ပါသည် (ယာ ၃း၁-၁၂)။ ဤ ကဲ့သို့သော အပြစ်မျိုးသည် သေချာ မစဉ်းစားမိ၍ ပြစ်မှားခြင်းဖြစ်သည်။ လူသားများသည် သတိလစ်ဟင်းတတ်ကြသူများပင်လျှင်။

(ဃ) ပညတ်တော်များ နားမထောင်ခြင်း (Anomia)

များသောအားဖြင့် ပြစ်မှားမိသည်မှာ မသိ၍ မဟုတ်ပဲ မလိုက်နာခြင်းကြောင့်ဖြစ်သည်။ ယုဒလူမျိုးသာမက လူမျိုးတကာတို့သည် ဘုရားသခင်၏ ပညတ်ချက်များရှိကြပါသည် (ရော ၂ )။ ချင်းအမျိုးသားများသည် ကယ်တင်ရှင်ယေရှု၏ နာမတော်ကို မကြားမသိမီကပင်လျှင် ဘုရားသခင်၏ပညတ်တော်များ ရောက်ရှိနေပြီဖြစ်သည်။ စကားပုံများ သီချင်းများအားဖြင့် ပညတ်တော်များ ရှိနှင့်ပြီးဖြစ်ကြောင်းသိရသည်။
သို့တိုင်အောင် အဆိုပါပညတ်တော်များကို အပြစ်တရားက လွှမ်းမိုးထားသည်။ အထဲမှ ပေါ်ပေါက်လာသော အပြစ်များက ပညတ်များလိုက် မမှီနိုင်အောင် ဖြစ်စေပါသည် (ရောမ ၇)။ ဤအရာများသည် ပညတ်တော် နားမထောင်သော အပြစ်ဖြစ်သည်။

(င) မပြည့်စုံခြင်း (Opheilema – အကြွေးထားခြင်း)

ဆောင်ရွက်သင့်သည်ထက် လျှော့ပြီးဆောင်ရွက်၍ တာဝန်မကျေ အကြွေးထားရှိခြင်းမျိုးဖြစ်သည်။ ဘုရားသခင်သည် ဆောင်ရွက်သင့်သောအရာများ ဆောင်ရွက်ကြရန် မျှော်လင့်တော်မူသည်။ သို့သော်လည်း မဆောင်ရွက်နိုင်၊ မပြည့်စုံနိုင်သောကြောင့် ဘုရားသခင်ထံ အကြွေးတင်ကြသည်။ ဤသည်ပင်လျှင် အပြစ်ဖြစ်သည်။


အထက်ပါ အချက် (၅) ချက်ကို ကြည့်ခြင်းအားဖြင့် လူသားများသည် ဘုရားသခင်ရှေ့၌ အပြစ်သားများဖြစ်ကြပါသည်။ ကိုယ်လည်း အပြစ်သားဖြစ်ပြီး၊ သူများလည်းအပြစ်သားဖြစ်ကြပါသည်။ သို့ဖြစ်၍ မိမိသည်အပြစ်သားဖြစ်ကြောင်းသိရှိနားလည်ပါက သူများ၏အပြစ်လည်း မလွှတ်နိုင်စရာအကြောင်းမရှိပါ။ မိမိ တော်သည်၊ သန့်ရှင်းသည် ဟုယူဆခြင်းအားဖြင့် သူများ၏ အပြစ်ကို မလွှတ်ချင်ကြပါ။ ဤကဲ့သို့သော အယူအဆသည် အပြစ်တစ်မျိုးဖြစ်ပါသည်။

လူ့အသက်တာ၌ သာယာဝပြောနိုင်ရေးအတွက် တစ်ယောက်နှင့် တစ်ယောက်အပြစ်လွှတ်ခြင်းသည် အဓိကကျပါသည်။ ချစ်ခြင်း၏အစလည်းဖြစ်သည်။ ဘုရားသခင်အားချစ်ပါက ညီအစ်ကိုဖြစ်သော လူသားများ မချစ်နိုင်ရန် အကြောင်းမရှိပါ။ ဘုရားသခင်နှင့် အဆင်ပြေပါက လူသားများနှင့်လည်းအဆင်ပြေမည်ဖြစ်ပါသည်။ လူသားအချင်းချင်း အပြစ်မလွှတ်နိုင်ပါက ဘုရားနှင့် အဆင်မပြေသေးကြောင်း ပေါ်လွင်ထင်ရှားစေပါသည်။

အပိုင်း (၄) ကို ဆက်လက်ဖော်ပြပါမည်။ (Click to read Part 4)

Rev. Dr. Simon Pau Khan En (B. th, B.R.E, B.D, S.T.M, Ph.D) ရေးသားပြုစု၍ MBC ပုံနှိပ်ထုတ်ဝေရေးဌါန မှထုတ်ဝေသော “တောင်ပေါ်တရားတော်” စာအုပ်မှထပ်ဆင့်တင်ပြထားပါသည်။






Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s