Calvary Burmese Church

ကရာနီမြန်မာအသင်းတော်

အထက်အရပ်မှ ရှုမြင်ခြင်း

Pdf format

စိတ်နှလုံးကို လုံးဝဥဿုံ ဆုံးဖြတ်ချက် ချလျက် မျက်လုံးကိုစုံမှိတ်ကာ အသူရာ ချောက်ကမ်း ပါးထဲသို့ ခြေစုံပစ်၍ ခုန်ချပစ်လိုက်သည်။  အား——နေရာကား ဆန်ဖရန်စစ္စကိုမြို့၊ ပစ္စိဖိတ်ကမ်းခြေတနေရာ သာယာလှသည့် ကျောက်ဆောင် ကျောက်ခက်များနှင့် ပင်လယ်ပြင်ပေါ်မှ ကျော်ဖြတ်လာသော လေပြေလေညှင်း တဖြူးဖြူးတို့ မြူးရာ ချောက်ကမ်းပါး ထိပ်ပေါ်မှာ ဖြစ်သည်။ ကျွန်တော် ခုန်ချပြီးသည့်နောက် ဆက်၍ တစ်ယောက်ပြီး တစ်ယောက် ခုန်ချကြရန် တန်းစီ၍ စောင့်ဆိုင်းနေကြသူများလည်း မနည်းပါ။ သို့ပါသော်လည်း ကျွန်ုပ်၏ ခန္ဓာကိုယ်သည် ချောက်ကမ်းပါးထဲသို့ တရှိန်တိုး ထိုးကျနေပြီဖြစ်၍ သူတို့ကို ဂရုမစိုက်နိုင်တော့ပါ။

ကျွန်တော် ခုလို စွန့်စားမိတာ မှားလေပြီလားဟူ၍ တွေးမိလိုက်သည်။ လက်ကို ကျစ်ကျစ်ဆုပ်၍ စိတ်ဓါတ်မကျဖို့ ကိုယ့်ကိုကိုယ် အားတင်းထားလိုက်သည်။ လေအဟုန်မှာ အရှိန်နှင့် ထိုးကျနေသော ကြောင့်လည်း ကြောက်စိတ်နှင့် စိုးထိတ်မှု့တို့ ရောယှက်ကာ တကိုယ်လုံး ကြက်သီးမွေးညုင်းများ ဖြန်းဖြန်း ထလေသလား။ ဇောချွေးစီးများလေလား မသိတော့၊ တကိုယ်လုံး ပူထူနေပြီ ဖြစ်သည်။ မျက်စိကိုလည်း တင်းတင်းမှိတ်ထားလိုက်သည်။ မဆီလေးရယ်တဲ့မဆိုင် အံကိုလည်း ကြိတ်ထား လိုက်သည်။ ဒီအချိန်မှ ဘုရားရှင်ကို တမ်းတမိသည်။ ဒုက္ခ လှလှတွေ့မှ ဘုရားရှင်ကို သတိရသည် ဆိုသော စကားမှာ အလွန် မှန်ကန်ကြောင်း ယခုမှ သိလာသည်။ အမြင့်ကို တက်ချင်ရင်၊ မြင့်မြင့်မျှော်မှန်းပြီး ဦးတည်ရမယ်။

ဘုရား တလိုက်တယ် ဆိုရင်ဘဲ နည်းပြဆရာပြောဘူးတဲ့ စကားလေး ခေါင်းထဲ ချက်ချင်း ပြေး သတိရ မိလိုက်တယ်။ တထိတ်ထိတ် ခုန်နေတဲ့ နှလုံးခုန်သံကြားက အရဲစွန့်ပြီး မျက်စိကို ဖွင့်ကြည့် လိုက်ရင်ဘဲ ကျွန်ုပ်၏ ခန္ဓာကိုယ်သည် ကျယ်ပြောလှပြီး လှိုင်းလုံးကြီးများ တဟုန်းဟုန်း ကြွထနေသည့် ပစ္စိဖိတ် သမုဒ္ဒရာ ပြင်ကြီးထဲသို့ ဦးတည် ထိုးကျလျက် ရှိနေသည်။ ရင်ခုန်သံသည် ယခင်ကထက် ပို၍မြန်လာ သည်။ အသိတရား ဝင်လာတာနဲ့ တပြိုင်ထဲ လက်တွေ့ တုန့်ပြန်မှု့တခုကို ပြုလိုက်သည်။ အားယူ၍ ဦးခေါင်းကို ကောင်းကင်ယံသို့ မော့ကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်များကို အထက်အရပ်သို့ ဦးတည်လိုက်တယ် ဆိုရင်ဘဲ ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ချည်ဆောင် ထားသည့် အပျော်စီးစက်မဲ့ မိုးပျံရောင်စုံ ရွက်ထည်ယာဉ်လေးသည် စွေ့ကနဲ ဦးတည်ချက်ပြောင်းကာ ကောင်းကင်ယံသို့ ကြွားဝင့်စွာ ထိုးတက် သွားလေတော့သည်။ အပျံသင်စ ငှက်ကလေးတစ်ကောင်၏ ပီတိ ခံစားချက်လေး ကျွန်ုပ် ရင်မှာ ခိုဝင်ခံစားလာမိသည်။ ခုနက ကြောက်ရွံခဲ့သောအခြေအနေ၊ ရင်ခုန်ခဲ့ခြင်းများ၊ စိုးရိမ်ပူပန်ခဲ့ခြင်းများ အားလုံး ယခုတွင် မရှိတော့ပြီမို့ ကောင်းကင်ယံထက်မှ ဘုရားရှင်ကို ကျေးဇူးတော် ချီးမွမ်းလိုက်မိပါသည်။ ဒုက္ခထဲမှ လွတ်မြောက် သည့်အတွက် ကျေှးဇူးတော် ချီးမွမ်းရသည်မှာ အလွန်မှပင် အနှစ်သာရရှိလှပါသည်။

ယခုအခါ ကျွန်ုပ်၏ မိုးပျံ ရွက်ထည်ယာဉ်သည် မိုးကောင်းကင်ယံထက် မြင့်သထက်အမြင့်သို့ ရွှေလင်းယုန်ငှက် ပျိုလေးအလား ပျံသန်း ထိုးတက်လျက်ရှိသည်။ ပထမဆုံးအကြိမ် ပျံသန်းခြင်းဖြစ်၍ အရာရာသည် ကျွန်ုပ်အတွက် စိတ်လှုပ်ရှားဖွယ်ရာ များသာ ဖြစ်သည်။ ယခုတော့ ရဲရင့်သော သတ္တိများ တစတစ ဝင်ရောက်လာပြီ ဖြစ်၍ ဝေဟင်မှာ ပျံသန်းရ ခြင်းကို ငြိမ့်ငြောင်း သာယာသော ခံစားချက်မျိုး ဖြစ်ကြောင်း လက်ခံ လာနိုင်ပြီဖြစ်သည်။ မည်သည့်အရာမဆို ကိုယ်တိုင်စွန့်စား၍ အောင်မြင်လာသောအခါ ကျွမ်းကျင်ခြင်းနှင့် အောင်မြင်မှု့သည် ဆက်၍ လိုက်လာမည်အမှန် ဖြစ်သည်။ ပြာလွင်လွင် ဝေဟင်ထဲ ဝဲပျံတဲ့ငှက်ငယ်ရယ် ဟင်း–လေဟုန်စီး-ယီးလေးခို-အတွေးနယ်ပယ် ဝေဟင်ယံ ထက်၌ ပျံသန်းရခြင်း၏ အရသာကို ကြည်နူးလာသောအခါ ငယ်စဉ်တုံးက ရေဒီယို သီချင်းများကို နေ့စဉ် ခုံခုံ မင်မင် ဆိုလေ့ရှိသည့် ညီမငယ်၏ သီချင်းသံလေးကို ကြားယောင် မိပြန်သည်။ တိမ်တိုက်တွေကြားမှာ ယီးလေး ခိုလိုက်၊ ဝဲပျံလိုက်နှင့် ပျော်ပါးနေသော ငှက်ငယ်လေးများ၏ဘဝမျိုး ခံစားလာရသောအခါ မိုးပျံရောင်စုံ ရွက်ထည်ယာဉ် ပျံသန်းရေး ပင်မ ဥယျာဉ်အဝင်မှာ ရေးထားသည့် ငှက်ကလေးများ အဘယ်ကြောင့် တေးဆို ကြသည်ကို လာ၍ ကြည့်ကြပါဆိုသည့် စာသားလေးသည် အလွန်မှန်သော သစ္စာစကား ဖြစ်ကြောင်းကို လက်ခံ လာသည်။ ဤမျှလောက်သာယာ ငြိမ့်ညောင်းလှသော ဘဝမှာ ချီးမွမ်းသည့် သီချင်းမဆိုဘဲ အဘယ်သူနေနိုင် မည်နည်း။ ထိုကြောင့် ဆာလံဆရာ၏ ချီးမွမ်းသံလေးနှင့် ဘုရားရှင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည် တိတ်ဆိတ်စွာ မနေ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။(ဆာလံ ၃၀း၁၂)။ ကျွန်ုပ်၏ မြင်ကွင်းအောက်တွင် တစာစာအော်မြည် သီကျူး၍ ပျံသန်းနေကြသော ဇင်ယော်ငှက်အုပ်ကြီးကို အားကျ၍ ကျေးဇူးတော် ချီးမွမ်း သီချင်းလေး သီဆိုမိပါသည်။

အမှန်စင်စစ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ရွက်ထည်ယာဉ်၏ ဘားတန်းနှစ်တန်းသည် တွဲလွဲ ခိုစီးရန်အတွက် သက်သက်မဟုတ်ဘဲ ရွက်ထည်ယာဉ်တခုလုံးကို ထိမ်းထား၍ လိုရာကို ပျံသန်းနိုင်ရန် ပဲ့ကိုင် သော အရာလည်းဖြစ်သည်။ ကျွမ်းကျင်စွာ ပဲ့ကိုင်နိုင်လာသောအခါ ရွက်ထည်ယာဉ်ကို မိုးမြင့်ပေါ်ပျံတက်လိုက်၊ ထိုးဆင်းလိုက်၊ ဘေးစောင်းပျံလိုက်၊ ဝဲပျံလိုက်နှင့် သာယာကြည်နူးမှု့ အရှိန်အဟုန်သည် ပို၍ပို၍ မြင့်မား လာရသည်။ ယခု ကျွန်ုပ် စီးနင်းပျံသန်းနေသည့် ရွက်ထည်ယာဉ်မှာ (HangGlider)ဖြစ်၍ ရွက်ထည်ကို ပဲ့ထိမ်း ကြိုးဖြင့် စီးနင်းပျံသန်းသော (Paraglider)ဆိုတာ ရှိသလို၊ အသေးစား စက်တပ်ရွက်ထည်ယာဉ် (Aquaglider) ဆိုတာလဲ ရှိသေးသည်။ နောက်မှ ထိုယာဉ်များကိုလည်း စီးကြည့်ရအုံးမည်။

ဆန်ဖရန်စစ္စကိုသို့ လေယာဉ်ခရီးဖြင့် လာကြသော ခရီးသည်တိုင်း ရင်သပ် ရှု့မောရသော မြင်ကွင်းလေးတခု ရှိသည်။ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရန် လေဆိပ် လေယာဉ် ပြေးလမ်းသို့ ချိန်ရွယ်သောနေရာတွင် လေယာဉ်သည် လေးဆယ့်ငါးဒီဂရီခန့် တိမ်းစောင်း၍ ပျံသန်းဝင်ရောက် ရသည်။ ထိုအချိန်တွင် ပန်းချီကားချပ်လို လှပလှသည့် ကမ္ဘာကျော်မြို့တော် ဆန်ဖရန်စစ္စကိုနှင့် အတူ BayArea တခုလုံးသည် နံရံပေါ် ချိပ်ဆွဲထားသော ဧရာမပန်းချီကားချပ်ကြီးအလား ရင်သပ်ရှု့ မောကြရသည်။ လေယာဉ် ပြူတင်းပေါက် တခုလုံး၌ ကောင်းကင်ယံကို မမြင်ရတော့ဘဲ ကမ္ဘာလောကတခုလုံးကို ဘေးတိုက်က ရှု့မြင်ရ သလိုမျိုး ဖြစ်သည်။ ခရီးသွား၍ ပြန်လာတိုင်းမှာ ဤရှု့ခင်းကို မလွတ်စတမ်း ကျွန်တော် စောင့်ကြည့်မြဲဖြစ်သည်။ မိတ်ဆွေလဲ အကယ်၍ လေယာဉ်ခရီးနှင့် ဆန်ဖရန်စစ္စကို လာခဲ့ပါလျင် ထိုရှု့ခင်းကို အမိအရ ကြည့်ရှု့ခံစားနိုင်ဖို့ ကြုံကြိုက်၍ သတင်းပါး လိုက်ရပါသည်။ ထိုစဉ်က လေယာဉ်ပြူတင်းပေါက် သေးသေးလေးမှ ထိုအလှကို ခံစား ခဲ့ရသော်လည်း ယခုမူ အမိုးအကာမဲ့ ရွက်ထည်ယာဉ်နှင့် ပျံသန်းသောအခါ အသောမသတ်နိုင်အောင် ကျယ်ပြောပြီး လှပလွန်းသည့် ရှု့ခင်းကို ရာခိုင်နှုန်းပြည့် ခံစားရတော့မည်။ ကောင်းကင်ယံမှာ ကျေးငှက်ကလေး များ ပျံသန်းရင်း သီချင်းသီဆိုကြတာ ဒါကြောင့်ကိုး ဟူ၍လည်း တိုးတိုးလေး ရေရွတ် မိပါတော့သည်။

မိုးတိမ်တိုက်တွေကြားမှာ၊ မြူနှင်းမှုန်တွေကြားမှာ ကျွန်တော်၏ ရွက်ထည်ယာဉ်ကို လိုသလို ပျံသန်းရင်း ကမ္ဘာလောကကြီးကို အပေါ်စီးက ကြည့်ရှု့ခံစား နေမိပါသည်။ အသော မသတ်နိုင်အောင် ကျယ်ပြောလှသည့် ပစ္စိဖိတ်သမုဒ္ဒရာပြင်ကြီးကို၎င်း၊ တလိမ့်လိမ့် တအိအိ လိမ့်တက်နေကြသော လှိုင်းလုံးကြီးများနှင့် ထိုရေလှိုင်းတို့ အလယ်မှာ ရေရှပ်ဘော့ပြားများ စီးနင်း၍ ကစားနေကြသူများ၊ (Sailglider)ဟုခေါ်သော ရောင်စုံရွက်ထည်တပ် ရေရှပ်ဘော့ပြားများကို လေအဟုန်သုံး၍ စီးနင်းဆော့ ကစားနေကြသူများ၊ ကမ်းခြေသဲသောင်ပြင်ပေါ်၌ အပမ်းဖြေနေကြသူများ၊ နေပူလှမ်းနေကြသူများ၊ ပြေးဆော့နေကြသော ကလေးငယ်များ၊ ဘောလုံးဆော့ကစား နေကြသူများ၊ ရေကူးနေကြသူများကို အားလုံးမြင်တွေ့ရသည်။ ကမ်းခြေတလျှောက် ဖေါက်လုပ်ထားသော အမှတ်(၁)အဝေးပြေး လမ်းမကြီးနှင့်အတူ အုပ်အုပ်ဆိုင်းဆိုင်း ထင်းရှုးတောများတို့သည်လည်း ကယ်လီဖိုး နီးယားပြည်နယ်၏ ထူးခြားသော အလှတခုပင် ဖြစ်ပါသည်။ ပင်လယ်အော်ကို ဖြတ်ဆောက်ထားသော ရှည်လျား လှသည့် တံတားကြီးများအပြင် ထင်ရှားလှသည့် နီညိုရောင် ရွှေတံခါး တံတားကြီးကိုလည်း အားပါးတရ ရှု့စား ရသည်။ ဆန်ဖရန်စစ္စကို မြန်မာနှစ်ခြင်း အသင်းတော် ဘုရားကျောင်းလေးကိုလဲ ရေးရေးလေး မြင်နေရ၍ စိတ်ကြည်နူးမိပါသည်။ ကောင်းကင်ယံမှာ ပျော်လွန်းလှ၍ မြေပြင်ကိုပင် မဆင်းချင်တော့ပါ။

တွဲလဲခိုပြီး ဒီလောက်ကြာအောင် စီးတော့မညောင်းဘူးလားဟု မေးစရာရှိပေမည်။ ကျွန်ုပ်လက်များ သည် ပဲ့ထိမ်းဘောင်တန်းများကို ကိုင်တွယ်ထားရသော်လည်း ကျွန်ုပ်၏ ခန္ဓာကိုယ်တခုလုံးသည် အထူး စီမံ ထားသော အိပ်ကြီးထဲတွင် မှောက်ရက် အနေအထားနှင့် ထည့်၍ ချိပ်ဆွဲထားသည့်အတွက် မညောင်းမညာ သည့်အပြင် နွေးထွေး၍ အဆင်ပြေလှပါသည်။ သမီးလေးထံမှ ငှါးယူခဲ့သော စီဒီခွေလေးကို ဖွင့်နားထောင် လိုက်ပြန်တော့ လှပသော ရှု့ခင်းများကို နောက်ခံသီချင်းလေးနှင့် ရှု့စားတော့ ပို၍ အနှစ်သာရ ရှိလာသည်။

ဘေးမှာ ပျံသန်းနေသူ တဦးသည် မှန်ပြောင်းနှင့် မြေပြင်ကို ကြည့်နေတာ မြင်၍ ကျွန်တော်လည်းပါလာသော အဝေးကြည့် မှန်ဘီလူးကို ထုတ်လျက် မြေပြင်သို့ အနှံ့ လျှောက်ကြည့်မိသည်။ မှန်ဘီလူးနှင့်ကြည့်မိမှ မှန်ဘီလူး ယူခဲ့မိခြင်းကို နောင်တရမိတော့သည်။ အလှအပများကြား၌ အကျည်းတန်မှု့တွေကို မြင်တွေ့လိုက်ရသော ကြောင့် ဖြစ်သည်။ ပိုင်ဆိုင်မှု့ ရှိသမျှကို ဈေးတွန်းလှည်းလေးထဲ ထည့်၍ ကျင်လည်နေကြရသော ခြေသလုံး အိမ်တိုင် အိုးအိမ်မဲ့ ဆင်းရဲသားများစွာ တွေ့မြင်ရသည်။ မီးရောင် တဖြပ်ဖြပ်၊ ဥဩသံ တစီစီနှင့် ဥပဒေ ချိုးဖောက်သူများကို လိုက်လံ ဖမ်းဆီးနေသော ရဲနှင့်ပုလိပ်ကားများ၊ အရေးပေါ် လူနာတင်ယာဉ်များ၊ အုပ်စုဖွဲ့ ရန်ဖြစ်ကြ၍ ဝရုန်းသုန်းကား ဖြစ်နေကြသော လူငယ်များ၊ အဝေးပြေး လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှု့ ဖြစ်ပွား၍ ပြဿနာ ဖြစ်နေကြသူများ၊ တွေ့ရသည်မှာ စိတ်မချမ်းမြေ့စရာများ ဖြစ်သည်။ သူ့ဇနီးမဟုတ်ဘဲ တခြား အမျိုးသမီးတဦးနှင့် လက်ချင်းချိပ်ကာ သမီးရည်းစားလေးပမာ စုံတွဲခုတ်နေသော ကျွန်ုပ်၏ မိတ်ဆွေဟောင်း တဦးကို ရုတ်တရက် မြင်လိုက်သည့်အတွက် မှန်ဘီလူးကို မကြည့်တော့ဘဲ အိပ်ထဲ ထိုးထည့် လိုက်ပါသည်။ ဪ လောကကြီးဟာ ဘယ်လိုများ ဖြစ်ပျက်နေပါလိမ့်– ဆက်၍သာ ကြည့်နေလျှင် စိတ်မချမ်းသာစရာတွေ ဆက်တိုက်တွေ့နေရပြီး ခုနက သာယာကြည်နူးစရာလေးတွေ ပျက်သုန်းကုန်လိမ့်မည်။ ပျော်စရာမှာ ရင်နာစရာတွေ ဝင်လာရင် ဝေဒနာသာ အဖြေကျန်လေမည် မဟုတ်ပါလား။

God is watching us—from a distance သမီးလေး၏ စီဒီခွေထဲက သီချင်းစာသားလေးကြောင့် ကျွန်ုပ်အတွေးထဲ အလင်းတန်းလေးတခု ပြေးဝင်လာသည်။ ဝေးရပ်ဆီမှ ဘုရားရှင် ကျွန်ုပ်တို့အား စောင့်ကြည့် နေသည်တဲ့။ အဓိပ္ပါယ်ရှိလိုက်လေခြင်း။ အမြင့်ပေ-၃၀၀၀၊လောက်က ကျွန်တော် မြင်တွေ့ခဲ့ရသော အရာများ သည် အတိုင်းအတာ တခုလောက်သာ ဖြစ်သည်။ စကြာဝဠာတခုလုံးကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည် ကောင်းကင်ဘုံမှာ စံပယ်တော်မူ၍ လောက၌ ရှိရှိသမျှ ပြုပြုသမျှ၊ ဖြစ်ဖြစ်သမျှ အရာအားလုံး စောင့်ကြည့်လျက် ရှိပါသည်။ အားလုံးကို ဘုရားရှင် မြင်တွေ့နေသည်။ ပြောသမျှ သူကြားနေပါသည်။ စိတ်ကူးနှင့် ကြံစည်သမျှပင်လျင် သူ သိနေပါသည်။ သုတ္တံကျမ်းမှာ အတိအလင်းပင် ဖော်ပြထားပါသည်။ ထာဝရဘုရား၏ မျက်စိတော်သည် ခပ်သိမ်းသော အရပ်၌ ရှိ၍ ကောင်းမကောင်းကို ကြည့်ရှု့ တော်မူ၏ (၁၅း၃)။ လူ သွားလာသမျှသော လမ်းတို့သည် ထာဝရဘုရား မျက်မှောက်တော်၌ ရှိကြ၍ သွားလာသမျှသော အချင်းအရာတို့၌ စူးစမ်းတော်မူ၏။(၅း၂၁)။ ကျွန်တော် သဘောကျ၍ ခွန်အားရသည့် အချက်မှာ က္ကုဿရေလ အမျိုးကို စောင့်သောသူသည် ငိုက်မြည်း အိပ်ပျော်ခြင်း ရှိတော် မမူ။ (ဆာလံ၊၁၂၁း၎)ဟူသော ကျမ်းချက် ဖြစ်သည်။ ကျွန်ုပ်တို့၏ အကောင်း အဆိုး အားလုံးကို အထက်အရပ်မှ ကြည့်ရှု့နေသော ဘုရားရှင် ရှိတော်မူ ခြင်းကို သိရှိခံစားရသော သင်ခန်းစာကို ရလိုက်သည် ဖြစ်၍ အရာရာ၌ အစဉ်အမြဲ အကောင်းဆုံး အသက် ရှင်ရန် ဆုံးဖြတ်လျက် ဝေဟင်ထက်မှာ ပျံသန်းရင်း ဆက်ကပ် ဆုတောင်း လိုက်ပါသည်။ မြေပြင်သို့ မဆင်းသက်ချင်သေးသော်လည်း ဇနီးနှင့်သားသမီးများ ပင်လယ်ကမ်းစပ်မှာ မျှော်ကြည့်ရင်း လက်များ ဝှေ့ရမ်းပြနေကြသည်ကို မြင်လိုက်ရ၍ ရွက်ထည်ယာဉ်ကို ဖြည်းညှင်းစွာ ထိုးဆင်းလျက် မြေပြင်ထက် သို့ ဆင်းသက် လာခဲ့ပါတော့သည်။

ဆရာ-ဆရာ-ဆရာက ငေးနေလိုက်တာ ကျွန်တော် Hang Glider စီးတဲ့အကြောင်း ပြောပြတာ တောင် စိတ်မဝင်စားတော့ဘူး။ ကိုရစ်ချတ်က မိုးပျံရွက်ထည်ယာဉ်ကို စွန့်စွန့်စားစား စီးနင်းရင်း ရှားပါး ဓါတ်ပုံများ ရိုက်ကူး စုဆောင်းခဲ့ခြင်းကို စီကာပတ်ကုံး ပြောပြနေခြင်း ဖြစ်ပါသည်။ ဪ – ကျွန်တော် စိတ်ဝင်စားပါတယ်။ ကိုရစ်ချတ် စိတ်ဝင်စားလွန်းလို့ ကျွန်တော် ကိုယ်တိုင် မိုးပျံ ရွက်ထည်ယာဉ် စီးပြီး၊ စိတ်ကူးလေးနဲ့ မိုးကောင်းကင်ထက်မှာ ပျံသန်းနေသလိုဘဲ ခံစားမိပါတယ်။ ကျွန်တော့် အတွက်တော့ HangGlider စီးတဲ့အကြောင်းအပြင် တန်ဖိုး မဖြတ်နိုင်တဲ့ ဝိညာဉ်ရေးရာ သင်ခန်းစာလဲ ရလိုက်ပါတယ်။

ဘယ်လို ဝိညာဉ်ရေးရာ သင်ခန်းစာလဲ ဆရာလတ်၊ ကျွန်တော့်ကိုလဲ ဝေမျှပါအုံး။

ဩော် – ဒီလိုပါ ကိုရစ်ချတ်၊ စိတ်ကူးလေးနဲ့ မိုးပျံရွက်ထည်ယာဉ်ကို စီးရင်း အထက်အရပ်က မြင်ရတဲ့ မြင်ကွင်းကို အခြေခံပြီး စကြာဝဠာတခုလုံးကို ကောင်းကင်ဘုံက သတိနဲ့ ကြည့်ရှု့နေတဲ့ ဘုရားရှင်တော်မြတ် ကြောင့် နွေးထွေးတဲ့ လုံခြုံ စိတ်ချမှု့ရယ်၊ အမြဲတမ်းဘဲ အကောင်းဆုံး အသက်ရှင် ရမယ်ဆိုတဲ့ ဝိညာဉ်ရေးရာ သင်ခန်းစာကို ပြောတာပါ။

ထာဝရဘုရားသည် အထက်အရပ်မှ ကျွန်ုပ်တို့ကို ကြည့်ရှု့နေသည်ဖြစ်၍ အလိုတော်နှင့်မညီသော ပြောဆို၊ ကြံစည်၊ ပြုမူခြင်းများကို ရှောင်ရှားကြရန်၊ အလိုတော်နှင့်အညီ အကောင်းဆုံး အသက်ရှင် လုပ်ဆောင် နေခြင်း၌ ချီးမွမ်း မခံရခြင်း၊ အသိအမှတ်ပြု မခံရခြင်းများအတွက် စိတ်ဓါတ် မကျဘဲ ဘုရားသခင်က အသိ အမှတ်ပြုလျက်၊ မှတ်သားလျက်၊ ကောင်းကြီးပေးလျက် ရှိနေကြောင်းကို နှလုံးသားမှာ ခံယူလျက် အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် အကောင်းဆုံး အသက်ရှင်ကြဖို့ မေတ္တာနှင့် တိုက်တွန်း ဝေငှလိုက်ပါသည်။

မေတ္တာများစွာဖြင့်

ဆရာတော်ဦးလတ်ယေရှဲ (ဆန်ဖရန်စစ္စကိုမြန်မာနှစ်ခြင်းအသင်းတော်)

______________________________

ဆရာတော်လတ်ယေရှဲ ၏ Access Ministry  မှ ပြန်ယူထားပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 12, 2012 by in Articles Christian Life.

VISITORS NUMBER

  • 78,505 Since July 2011

Enter your email address to follow this blog and receive notifications of new posts by email.

Join 1,727 other followers

Hours & Info

(202) 347-8355
____________________
Sunday Worship:
1:30 PM - 4:30 PM

____________________
Home Cells:
Maryland: Fri 7:00 PM
Virginia: Mon 7:00 PM