Calvary Burmese Church

ကရာနီမြန်မာအသင်းတော်

ကျွန်ုပ်၏ရှေ့နေ

Gavel3သာယာပျော်ရွှင်ဖွယ် ကောင်းသော ဘ၀၏ နေ့ရက်များစွာ ကိုဖြတ်သန်းခဲ့ပြီး တစ်ရက်၊ ကျွန်ုပ်၏ လောကခရီးစဉ် ကို အဆုံးသတ်ခဲ့ရသည်။ ပထမဦးဆုံး သတိပြုမိသော အရာကား တရားရုံး တစ်ခု၏ အပြင်ဖက် နားခန်းတွင် မိမိ၏ အလှည့် ကိုစောင့်နေသော သူ တစ်ဦးအဖြစ် မိမိကိုယ်မိမိ မြင်တွေ့လိုက်ရခြင်းတည်း…

ရုတ်တရက် တံခါးပွင့်လာပြီး တစုံတယောက်က ၀င်လာရန်ကျွန်ုပ်ကို ခေါ်သည်။ တရားရုံးထဲ ရောက်သောအခါ ဘေးဘီ ၀ဲယာကို စူးစမ်းသည့်အနေဖြင့် ကြည့်လိုက်သည်။ တရားရုံး၏ လက်ယာဖက် တနေရာတွင် ကျွန်ုပ်ကို စူးစူးရဲရဲ စိုက်ကြည့် နေသော သူ တစ်ယောက်ကို သတိပြုမိလိုက်သည်။ တရားလိုရှေ့နေ ဖြစ်မည်ဟု စိတ်တွင်ခံစားနားလည်လိုက်သည်။ သူ၏ မျက်လုံးစိမ်းများ ကြောင့် အနည်းငယ် ကျောချမ်းသလို ခံစားမိသည်။ အားငယ်စိတ် မသိမသာ ၀င်ရောက်လာသည်။ ကျွန်ုပ်တွေ့ဖူး ခဲ့သမျှ ထဲတွင် စက်ဆုတ်ဖွယ် အကောင်းဆုံး သူတစ်ယောက်ဖြစ်မည် ဟုထင်သည်။

ကျွန်ုပ်အတွက် ပြင်ဆင်ထားသော ထိုင်ခုံတွင် ထိုင်ပြီး မိမိ၏ ၀ဲဖက် ကို ကြည့်လိုက်ရာ နှစ်လိုဖွယ် ကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေပြီး၊ တည်ငြိမ် အေးဆေးသော အပြုံးနှင့် ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်၏ ဘေးတွင် နေရာယူ ထိုင်နေသောကြောင့် ကျွန်ုပ်၏ ရှေ့နေဖြစ်ဟု တထစ်ချ နားလည်လိုက်သည်။ အားကိုးသော အကြည့်၊ ကျေးဇူးတင်သော အကြည့်နှင့် သူ့ကို အသံတိတ် နှုတ်ဆက် ပြီး တရားသူကြီး ထိုင်မည့် ဖက်ကို ကြည့်လိုက်သည်။ တရားသူကြီး မရှိသေးပါ။

အကြိမ်ကြိမ်အခါခါ လှည့်ကြည့်လျင် ရိုင်းသည် ဟုအထင်ခံရမည်ကို စိုးသဖြင့် ရင်ခုန်လှုပ်ရှားခြင်းကို အတတ်နိုင်ဆုံး ထိမ်းချုပ်ရင်း တိတ်ဆိတ်စွာဖြင့် ရှေ့ဖက်ကို ငေးကြည့်နေမိသည်။ မိမိ၏ ရှေ့နေကို ရင်းနှီးဖူး သလိုလို စိတ်တွင် ခံစားမိသည်။ မည်သည့် အချိန်တွင် တွေ့ခဲ့ဖူး ပါလိမ့်… အပြေးအလွှား စဉ်းစားသည်…မမှတ်မိပါ..သို့သော်သေချာ သည် တချိန်တုန်းက တနေရာ မှာတွေ့ခဲ့ဖူးသည်။

အခန်းထောင့် ရှိ တံခါး ပွင့်လာပြီး ခန့်ငြား တင့်တယ်သော ၀တ်စုံ ၀တ်ထားသည့် တရားသူကြီး ၀င်လာသည်။ အလွန့်အလွန် နှစ်လိုဖွယ်ကောင်း ပြီး ဂုဏ်အသရေ နှင့် ပြည့်စုံ လွန်းလှသဖြင့် မျက်တောင် ပင် တစ်ချက်မျှ မခတ်အားဘဲ အားကျစွာဖြင့် ကြည့်မိသည်။ တရားသူကြီး ထိုင်မည့် ပလ္လင်တွင် ထိုင်ပြီး တရားစီရင်ခြင်း စမည်ဟု အမိန့်ပေးသည်။

တရားသူကြီး၏ အမိန့် ပေး ပြီးပြီးချင်း တရားလိုရှေ့နေ ထလာပြီး…

“တရားသူကြီးမင်း ခင်ဗျား…ကျွန်တော့် နာမည် စာတန်ဖြစ်ပါတယ် … အခုရောက်လာတဲ့ လူဟာ ငရဲ ပြည်ကို သွားသင့် တဲ့ လူ ဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထား နှင့် တကွ တင်ပြ ချင်ပါတယ်” ဟု ပြောသည်။ ထို့နောက် ဘ၀ တလျှောက်လုံး ကျွန်ုပ် လိမ်ညာ ပြောဆိုခဲ့ မိသမျှ တစ်ခုပြီးတစ်ခု အထောက်အထား နှင့်တကွ တင်ပြသည်။ ခိုးခဲ့ဖူး သမျှ၊ ဆိုးခဲ့ဖူးသမျှ အရာများကိုလည်း ဆက်လက် တင်ပြသည်။ မကြားချင် အဆုံး ကြားနေရသည်။ စိုးရိမ်ခြင်း နှင့်အတူ အားငယ်ကြောက်ရွံ့စိတ်များ ၀င်လာသည်။ ရှက်စရာ ကောင်းသော လူမသိ သူမသိ ကျူးလွန်ခဲ့မိသမျှ အရာများကို ကြားရသောအခါ မိမိကိုယ် မိမိ ရွံ့ရှာဖွယ် သတ္တ၀ါ တစ်ကောင်အလား ခံစားရသည်။ ကျွန်ုပ်၏ ရှေ့နေကိုပင် အားနာ စိတ်များဝင်လာသည်။ လှည့် မကြည့်ရဲလောက်အောင်ခံစားမိသည်။

ကျွန်ုပ် ကျူးလွန် ခဲ့သမျှ အမှားများကို နာရီပေါင်း များစွာ ရေပက်မ၀င် တင်ပြပြောဆိုသော စာတန်ကို ကြည့်ရင်းကြည့်ရင်း အလွန့်အလွန် စိတ်ပျက်မိသည်။ တဆက်တည်းမှာပင် ဘာ တစ်ခွန်းမှ တင်ပြခြင်း၊ ငြင်းဆိုခြင်း မပြုသော မိမိ၏ ရှေ့နေကို လည်း စိတ်ဓါတ်ကျစပြုလာသည်။ လူသားပီပီ ဆိုးခဲ့ဘူးပေမဲ့ ကောင်းသည့် အရာများစွာကိုလည်း ပြုခဲ့ဖူး ပါသည်။ ဘုရားကျောင်း လည်း တနင်္ဂနွေနေ့တိုင်း အတတ်နိုင်ဆုံး တက်ခဲ့ပါသည်။ ဆယ်ဖို့တစ်ဖို့လည်း အတတ်နိုင်ဆုံး ပေးခဲ့ပါသည်။ မုဆိုးမ နှင့် မိဘမဲ့ ကလေးများကို လည်း ကျွန်ုပ်လောက် ကြည့်ရှု ပေးကမ်းသူ များများစားစား ရှိမည် မထင်ပါ။ တရားသူကြီး သိအောင် နည်းနည်းတော့ ပြောပြသင့်သည် ဟုထင်သည်။

စာတန်သည် ကျွန်ုပ် ကျူးလွန်ခဲ့သမျှ အမှားပေါင်းချုပ်ကို နာရီပေါင်းများစွာ စိတ်ဆိုးမာန်ဆိုး တင်ပြ၍ ပြီးသော အခါ… “တရားသူကြီးမင်း ခင်ဗျား… အဲဒီ အချက်များကို ထောက်ရှုခြင်းဖြင့် ဤလူသားသည် ကောင်းကင် နိုင်ငံတော်နှင့် လားလားမျှ ထိုက်တန်သောသူ မဟုတ်သောကြောင့် ငရဲပြည်ကို ပို့ပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်” ဟု နိဂုံးချုပ် သည်။

စာတန်၏ တင်ပြခြင်း ပြီးသောအခါ ကျွန်ုပ်၏ ရှေ့နေ ငြင်သာစွာ ရပ်ပြီး တရားသူကြီးမင်း၏ စားပွဲရှေ့ အထိ ထွက်လာခွင့် ပေးပါမည့် အကြောင်း တောင်းလျှောက်ရာ စာတန် က အကြီးအကျယ် ကန့်ကွက်သော်လည်း တရားသူကြီး က အခွင့်ပေးသည်။ ကျွန်ုပ်သည် ထို အချိန်မှသာ မိမိ၏ ရှေ့နေကို အသေအချာ ကြည့်ခွင့်ရသဖြင့် သူ၏ မျက်နာကို ကြည့်လိုက်ရာ ယေရှု သခင်ကိုယ်တိုင် ဖြစ်နေကြောင်း နားလည်သိရှိလိုက်သည်။

ယေရှုက တရားသူကြီးအား… “အဖ ခမည်းတော်… စာတန် တင်ပြခဲ့တဲ့ အရာတွေ အားလုံး မှန်ပါတယ် သား မငြင်းပါဘူး… အပြစ်ရဲ့ အခ ဟာ သေခြင်းဖြစ်တယ်… အဲဒါကြောင့် ဒီလူဟာ အပြစ်ပေးခြင်း ခံထိုက်ပါတယ်” ဟု အေးဆေးတည်ငြိမ်စွာ ပြောပြီး…

“’ဒါပေမဲ့ ခမည်းတော် ဒီလူ ရဲ့ အပြစ်တွေ အားလုံးကို ဆေးကြောဖို့ သား ကရာနီကုန်းပေါ်မှာ အသတ်ခံ ခဲ့ပြီးပြီ…ဒီလူ ဟာ သားကို သူ့ရဲ့ ကယ်တင်တဲ့ အရှင်သခင် ဖြစ်တယ်လို့ ခံယူ ကြေညာ ထားပြီးသူ တစ်ယောက်ဖြစ်တယ်၊ ဒီလူဟာ သားရဲ့ အပိုင်ဖြစ်တယ်၊ သားသူ့ကို ပိုင်တယ် ခမည်းတော်” ဟု ပြောသည်။ ယေရှု က ဆက်လက်ပြီး….

“ဒီလူရဲ့ နာမည်ဟာ အသက်စာစောင်ထဲမှာ ပါပြီးသွားပါပြီ ခမည်းတော်၊ သားရဲ့ လက်ထဲကနေ သားရဲ့ အပိုင်ဖြစ်တဲ့ လူ တစ်ယောက်ကို ဘယ်သူ မှ လုယူခွင့် မရှိပါဘူး၊ စာတန် က အခုအချိန်ထိ သဘောမပေါက်နိုင်ဘူး… သားရဲ့ အပိုင် ဒီလူဟာ တရားစီရင်ခြင်းကို ခံရမည့်သူ မဟုတ်ဘူး…ကျေးဇူးတော် ခံစားရမဲ့သူ ဖြစ်တယ် ”

ထို့နောက် ယေရှု ကျွန်ုပ်အနားသို့ ပြန်လှည့်လာ၍ ထိုင်ကာ တရားသူကြီးမင်း ဖက်လှည့်ပြီး … “တခြား ဆောင်ရွက်စရာ တစ်ခုမှ မရှိတော့ပါဘူး… သား အားလုံးဆောင်ရွက်ပြီးသွားခဲ့ပါပြီ” ဟု ပြောသည်။

တရားသူကြီးက စားပွဲပေါ်တင်ထားသော တူဖြင့် ဒိန်း ကနဲ တချက် ထုရိုက်ပြီး အမိန့်ချသည်…

“လွှတ်စေ… ဒီလူ ရဲ့ အပြစ်အားလုံးဆပ်ပြီးပြီ … ဤ အမှု ပြီးစေ”

ယေရှု က ကျွန်ုပ်သွားရမည့် တံခါးရှိရာသို့ ကျွန်ုပ်ကို လမ်းပြခေါ်ဆောင်သွားသည်။ စာတန်၏ မကျေမနပ် မြည်တွန် သော အသံ ကျွန်ုပ်၏ နောက်ဖက်မှ ထွက်လာသည် “နေနှင့် ဦးပေါ့ကွာ…ငါဘယ်တော့မှ လက်မလျှော့ဘူး.. နောက်အမှု ကျရင် နိုင်အောင် လုပ်ပြမယ်”

ကျွန်ုပ်သည် ယေရှု အား ကျေးဇူးတင်စကား ပြောကြားရင်း… “ကိုယ်တော်… ကိုယ်တော် ရှေ့နေလိုက်ပေးတဲ့ အမှု ရှုံး တယ်လို့ ရှိခဲ့ဖူးသလား?” ဟု မေးသည်။ ကိုယ်တော်က..

“ငါ့ကို စိတ်ချလက်ချ ၀န်ခံပြီး အမှုအပ်တဲ့ လူသားအားလုံး ရဲ့ အမှုအားလုံးဟာ အတူတူဖြစ်တယ်… အပြစ်အားလုံးကို ငါပေးဆပ်ခဲ့ပြီးပြီ ”။

သောင်းနိုး

မှတ်ချက်။    ။ အမည်မသိစာရေးဆရာ တစ်ဦးရေးသော “My Attorney” ကို ကိုးကားထားပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on August 11, 2015 by in Salvation, Thawngno and tagged , .