Calvary Burmese Church

ကရာနီမြန်မာအသင်းတော်

ဘုရားသင့်ကို ရှာသောအခါ When God Searching You

ဘရားသင့်ကိုရှာသောအခါကျွန်ုပ်သည် လွန်ခဲ့သော ၁၄ နှစ် ခန့် ကျမ်းစာကျောင်းတက်နေသည့် အချိန်တွင် တော်မီ ကိုသိကြွမ်းခွင့် ရခဲ့သည်။ သူသည် ထိုအချိန်တွင် ဘိုသီဘတ်သီ ဆံပင်ကို ဂုတ်အထိရှည်အောင် ထားပြီး လမ်းမပေါ်တွင် ဦးတည်ရာမဲ့ သွားလာတတ်သည့် လမ်းသူရဲ တစ်ယောက်နှင့် တူသည်။ ကျမ်းစာကျောင်းသားတစ်ယောက် ဟုထင်မြင်စရာပုံစံ မရှိသူ တစ်ယောက်ဖြစ်သည်။

တစ်ရက် တော်မီ ကကျွန်ုပ်ကိုမေးသည်…

“တရက်တချိန်ကျရင်…ငါ ဘုရားသခင်ကို ရှာတွေ့လိမ့်မယ် လိုထင်သလား?”

ဘာကြောင့် မှန်းမသိသော်လည်း တော်မီ၏ မေးခွန်းကို ကျွန်ုပ် မဆိုင်းမတွပြန်ဖြေလိုက်မိသည်…

“ငါလုံးဝမထင်ဘူး…မင်းသည်ပုံစံနဲ့ တသက်လုံး ဘုရားသခင်ကို ရှာတွေ့မယ်လို့ ငါမထင်ဘူး”

ကျွန်ုပ်၏ ဘုကလန့် အဖြေကြောင့် အံ့သြ တွေဝေနေသော သူ့ကို ခဏအကြာတွင် ပြန်ပြောလိုက်သည်…

“တစ်ခုတော့ရှိတယ်… ဘုရားက မင်းကို လာရှာဒါ ဆိုရင်တော့ တွေ့မှာပေါ့”

ကျွန်ုပ်ပြောသော စကားကို အသေအချာ နားလည် ဟန်မရှိသော တော်မီ… အတန်ကြာ စဉ်းစား တွေဝေလျက် နေသည်။

အချိန်ကာလ များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး နောက် ကျွန်ုပ် ကျမ်းစာကျောင်းမှ ဘွဲ့ရခဲ့သည်။ တော်မီ လည်း ကျွန်ုပ် ဘွဲ့ရသော နှစ်မှာပင် ကျောင်းပြီး၍ ဘွဲ့ရခဲ့သည်။ အောင်မြင်စွာ ဘွဲ့ရသည့် သူ့အတွက် သူ့အတွက် ၀မ်းသာခဲ့သည်။ ကျမ်းစာကျောင်း မှ ဘွဲ့ရပြီးနောက်ပိုင်း ကျွန်ုပ်သည် အခြား ကျမ်းစာကျောင်းတစ်ခုတွင် စာချ ဆရာ အဖြစ် အလုပ်ရရှိသည်။  နှစ် အတန်ကြာပြန် သောအခါ တော်မီ တစ်ယောက် ကင်ဆာရောဂါ ရပြီး ဆရာဝန် များက လက်လျှော့ ရသည့်အဆင့် ရောက်နေပြီ ဆိုသည့် သတင်း ကို အမှတ်မထင် ကြားလိုက်ရသည်။ သူ့ အတွက် စိတ်မကောင်း၊ အထူးသဖြင့် ကျမ်းစာကျောင်းသား ဘ၀ က သူနှင့် အတူ သွားလာလှုပ်ရှား ခဲ့သည့် အဖြစ်အပျက် များ ကျွန်ုပ်၏ အတွေးအာရုံထဲတွင် တခုပြီးတခု ပေါ်လာသည်။ သူ၏ လိပ်စာ ကို စုံစမ်း၍ မဖြစ်ဖြစ်အောင် သွားတွေ့ပြီး အားပေးစကား ပြောမည် ဟု ဆုံးဖြတ်လိုက်သည့် အချိန်တွင်၊ တော်မီ ကျွန်ုပ်၏ ရုံးခန်းကို ရောက်လာသည်။

ကျွန်ုပ်သူ့ကို နောက်ဆုံး တွေ့သည့် အချိန်နှင့် စာလျှင် ပိန်လှီသေးငယ် သွားသည်။  ကင်ဆာ ရောဂါဖိစည်း မှုနှင့် ကုသမှု အဆင့်ဆင့်ကြောင့် တချိန်က ရှည်လျား ၍ ထူထူထဲထဲ ရှိခဲ့သော ဆံပင် များလည်း မရှိတော့၊ တမှင်စ နှစ်မှင်စ သာခေါင်းထိပ်တွင် ရှိတော့သည်။ သို့သော် သူ၏ မျက်လုံး များသည် အရင်ကထက် ပို၍ တောက်နေသလား၊ အားတက် အားမာန် ရှိနေသလားဟု ထင်မိသည်။

တွေ့တွေ့ခြင်း “ဟယ်လို တော်မီ…သိပ်နေမကောင်းဘူး ကြားလို့ မင်းကို လာရှာမလို့ စဉ်းစားနေဒါ” ဟု ပြောပြီး သူ့ကို ၀မ်းသာအားရ နှုတ်ဆက်လိုက်သည်…

“ဟုတ်တယ် သူငယ်ချင်းရာ ငါကင်ဆာရောဂါ ရတယ်.. နဲနဲတောင် ကြာသွားပြီ အခု ဆရာဝန် တွေက ငါ့ကို လက်လျှော့ လိုက်ကြပြီ… ငါ မကြာခင် လောကကြီးကို စွန့်ခွါသွားရတော့မယ်”။

ကျွန်ုပ်နှင့် တော်မီ ရှေးဟောင်း နှောင်းဖြစ် အကြောင်းကိုများ အတန်ကြာအောင် စမြှံပြန်ပြောဆို ရီမောကြပြီး နောက်တော်မီက…

“ငါမင်းကို မရရအောင် လာရှာဒါ အဓိကပြောစရာ တစ်ခုရှိလို့ပါ” ဟုဆိုရင်း ပြုံးရယ် ပျော်မြူးနေသော သူ၏ မျက်နာ တည်တည်ငြိမ်ငြိမ် ဖြစ်သွားကာ တစ်မိနစ် နီးပါး ဘာမျှ ဆက်မပြောဘဲ ဆိတ်ငြိမ်နေသည်။ ကျွန်ုပ်က…

“ပြောပါ သူငယ်ချင်…ငါနားထောင်နေတယ်” ဟု အားပေးရင်းသူ ပြောလာမည့် စကားကို နားစွင့်လိုက်သည်။ တော်မီက…

“မင်းငါ့ကို ပြောခဲ့ဘူးတဲ့ စကား တစ်ခွန်း ကို မှတ်များ မှတ်မိလေ မလားသိဘူး… ငါဘယ်လိုဘဲ ဘုရားကို ရှာရှာ တွေ့မှာ မဟုတ်ပါဘူး လို့ မင်း ပြောခဲ့ဘူးတယ်လေ၊ အေး ဒါပေမဲ့ ဘုရားက မင်းကို ရှာရင်တော့ တွေ့မှာပေါ့ လို့ မင်းဆက်ပြော ခဲ့သေးတယ်” ဟု အေးဆေးတည်ငြိမ် စွာ ပြောလာသည်.. ကျွန်ုပ်က…

“မှတ်မိဒါပေါ့ တော်မီရာ” ဟု ပြန်ဖြေလိုက်သော အခါ သူက ဆက်ပြောသည်…

“ဟုတ်တယ် မင်းပြောခဲ့ဒါ အရမ်းမှန်တယ်… ငါလေ တသက်လုံး ဘုရားသခင်ကို ရှာဖွေခဲ့တယ် ဒါပေမဲ့ မတွေ့ခဲ့ဘူး… ကင်ဆာရောဂါလည်း စ ဖြစ်ရော.. ငါ ဂယောင် ခြောက်ခြားဖြစ်သွားတယ်… ဘုရားသခင် ကိုမှ ရှာ မတွေ့သေးဒါ…ငါသေရင်တော့ ပြဿနာဘဲ လို့ စဉ်းစားရင်း…ငါ့ရဲ့ နေ့ရက် ကာလ တွေကို စိုးရိမ် ထိပ်လန့် စိတ်တွေနဲ့ တရက်ပြီးတရက် ကုန်ဆုံးခဲ့ရတယ်”

ဆက်ပြောမည့် အကြောင်းအရာများ အတွက် စကားလုံး များကို ရွေးချယ်နေ သလား၊ ဒါမှမဟုတ် ဆက်ပြောမည့် အရာများအတွက် အားတင်း နေသလားမသိ ခဏတာ ငြိမ်သက်ပြီး ဆက်ပြောသည်…

“တစ်ရက် ကျတော့ ဆရာဝန် က ငါ့ ကင်ဆာရော ကုလို့ မရတော့ဘူး အူမကြီးကနေ၊ တကိုယ်လုံး ပြန့် သွားပြီလို့ ပြောတော့၊ ငါ ဆောက်တည်ရာ မရဖြစ်သွားတယ်၊ ငါ တကယ် သေ ရတော့မယ်၊ ဒါပေမဲ့ ဘုရားသခင်ကိုလည်းရှာလို့ မတွေ့သေးဘူး…ဘာလုပ်ရင် ကောင်းမလဲ လို့စဉ်းစားခဲ့တယ်၊ ငါဘုရားသခင်ကို အသေအလဲ ကျိုးစားပြီး ဆက်ရှာတယ်၊ ဒါပေမဲ့ မထူးဘူး ဘုရားသခင်ကို ငါမတွေ့ခဲ့ဘူး… အဲဒီ အချိန်မှာဘဲ မင်းပြောခဲ့ဘူးတဲ့ စကားတစ်ခွန်း ငါ့စိတ်ထဲဝင်လာပြန်တယ်”

“ဟုတ်လား ဘာများပါလိမ့်” ဟု ကျွန်ုပ်ကပြန်မေးလိုက်သည်။ သူက…

“မင်းပြောခဲ့ဘူးတယ်လေ… လူတစ်ယောက်ကို သိပ်ချစ်ပါလျက် I love you လို့ နှုတ်က မပြောဖူးဘူး ဆိုရင် အရမ်း ၀မ်းနည်းစရာဘဲ လို့ မှတ်မိလား မသိဘူး” ကျွန်ုပ်က မှတ်မိကြောင်း ပြန်ပြောလိုက်ရာ တော်မီ က…

“ငါ မကြာခင်သေရတော့မယ် အနည်းဆုံး ငါ့ အဖေအမေ နဲ့  ညီလေးတို့ကို ပျော်သွားအောင် I love you လို့ ပြောမယ် လို့ ငါ ဆုံးဖြတ်ချက် ချလိုက်တယ်… အဲဒါနဲ့ တစ်မနက် အိမ်ရှေ့ ဧည့်ခန်းမှာ သတင်းစာ ထိုင် ဖတ်နေတဲ့ အဖေ့ ရှေ့ကို ငါ တွန့်ဆုတ်တွန့်ဆုတ် သွားပြီးရပ်လိုက်တယ်၊ အဖေက ဖတ်လက်စ သတင်းစာကို နည်းနည်း အောက်ချ လိုက်ပြီး… ဟေ့သားကြီး ဘာဖြစ်နေဒါလဲ လို့ မေးတယ်”

“ငါလည်း ရှိသမျှ အားကို ဖြှစ်ညှစ်ပြီး I love you အဖေလို့ပြောလိုက်တယ်”

တော်မီ ကဆက်ပြောသည်

“ ကျွန်တော့ နှုတ်က အဖေ့ကို ချစ်တယ်ဆိုတဲ့  စကား တစ်ခွန်း အဖေ မကြားဘူး လိုက်ရဘဲ ကျွန်တော် အဖေ့ကို မထားခဲ့ချင်လို့ပါ၊ အဖေ့ကို ကျွန်တော် ချစ်ပါတယ်၊ လို့ ပြောလိုက်တော့၊  အဖေ ဖတ်လက်စ သတင်းစာကို ချပြီး ငါ့ ကို ရှိရှိသမျှအားနဲ့ ဖက်တယ်၊ ပြီးတော့ ရှိုက်ကြီးတငင် ငိုပြီး ငါလည်း မင်းကို ချစ်ပါတယ် သားကြီးရယ် လို့ သုံး လေးခါ မကပြန်ပြောတယ် ”

“အဲဒီည ငါ ငယ်ငယ်တုန်းကလို အဖေနဲ့ အတူ အိပ်တယ်…တညလုံး အဖေနဲ့ ငါငယ်ငယ်တုန်း က အကြောင်းတွေ ပြောဖြစ်တယ်..မနက်မိုးလင်းတော့ ပြောစရာ မကုန်နိုင်သေးဘူး… အဖေ့ ရုံးသွားဖို့ အ၀တ်အစားလဲ ရင်း ပြောလက်စ စကားတွေကို ဆက်ပြောနေတယ်၊ အဖေ အရမ်းပျော်ခဲ့တယ်”

“အဖေ့ကို ချစ်ကြောင်း ပြောပြီး အမေနဲ့ ညီလေးကို လည်း ကျွန်တော် ချစ်ကြောင်း ပြောဖြစ်ခဲ့တယ်၊ အဖေထက်စာရင် အမေနဲ့ ညီလေး နဲ့ ကို ပြောရတာ ပိုလွယ်ခဲ့ပါတယ်၊ သူတို့လည်း အဖေ့လိုဘဲ ငါ့ကို ဖက်ပြီး မျက်ရည်ကျ ကြတယ်။ ညီလေးကို ပြောတဲ့ ည  ညီလေး နဲ့ အတူ ငယ်ငယ်တုန်းကလို ဘဲ အတူတူ အိပ် ပြီး တညလုံး စကားပြောဖြစ်ခဲ့တယ်၊ ငယ်ငယ် တုန်းက အတူတူ ခိုးခဲ့ ဆိုးခဲ့တဲ့ အကြောင်းတွေက အစ ဘယ်သူ့ကို မှ မပြောခဲ့ဘူးတဲ့ အကြောင်းတွေ ကို ပြောရင်း မိုးလင်းသွားတယ်၊ အဖေ့လိုဘဲ အမေနဲ့ ညီလေးလည်း အရမ်းပျော်သွား ကြတယ်”

“ငါ့ရဲ့ စကားတစ်ခွန်းကြောင့် မကြာခင် ခွဲခွါသွားရတော့မဲ့ ငါ့မိသားစု စိတ်ချမ်းသာ ရာ ရသွားကြ ပါလား လို့ စဉ်းစားမိတယ်၊ သေမင်းရဲ့ အရိပ်လွမ်းမိုးသော ချိုင့်ထဲ မှာ လျှောက်လှမ်းနေရတဲ့ အချိန် ကြမှ ငါတို့ မိသားစု ရဲ့ ချစ်ခြင်းမေတ္တာတရားဟာ ပိုပြီး လေးနက်လာပါလားလို့ ဆင်ခြင်လိုက်မိတယ်”

“အဲဒီလို ဆင်ခြင်လိုက်မိတဲ့နောက်ပိုင်းကျမှ ငါ ဘယ်တုန်းကမှ ရှာ လို့ မတွေ့ခဲ့တဲ့ ဘုရားသခင်ကို ငါတွေ့ခဲ့တယ်၊ ဘုရားသခင် ဟာ ငါ့ရဲ့ နှလုံးသားထဲမှာ ၀င်လာ တယ် ဆိုဒါ ငါ အသေအချာ နားလယ် သွားတယ်၊ အဲဒီနောက် ငါ သေရင် ဘယ်ကို သွားရမလဲ ဆိုဒါကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်သွားတယ်၊ ငါ့ရဲ့ နှလုံးသားထဲ ကို ဆိုက်ဆိုက်မြိုက်မြိုက် ၀င်လာတဲ့ ယေရှု ခရစ်တော် ရဲ့ လှံတော်နဲ့ တောင်ဝေးတော် က ငါ့ကို ချမ်းသာစေခဲ့တဲ့ အပြင် ငါ့ရဲ့ ၀ိညဉ်ကို ကယ်တင်ခဲ့ပြီးပြီ ဆိုဒါကို ရှင်းရှင်းလင်းလင်း ငါသဘောပေါက်သွားတယ်၊ အဲဒီနောက် ငါသေရမှ ကိုစိုးရိမ်ခဲ့တဲ့ စိတ်တွေလည်း ပျောက်သွားတယ် ” ဟုပြောသည်။

“မင်းငါ့ကို ပြောခဲ့သလိုဘဲပေါ့… ဘုရားသခင်ကို ငါကျိုးစား ရှာခဲ့တဲ့အချိန်တွေ တုန်းက ရှာလို့ မတွေ့ခဲ့ဘူး… ဘုရားသခင် ငါ့ကို ရှာတဲ့ အချိန်ကြမှ တွေ့သွားတယ်၊ ဒီ အဖြစ်အပျက် တွေ ငါမသေခင် မင်းကို ပြောသွားချင်လို့ ဒီနေ့ မင်းဆီကို ရောက်လာဒါပါ” ဟု သူကဆိုသည်။

တော်မီ ပြောသော သူ့နှင့် မိသားစု အကြောင်းက ကျွန်ုပ်၏ နှလုံးသားတွင် ဖော်ပြ၍ မတတ်နိုင်သော တို့ထိ ခံစားမှု တစုံတခုကို ပြင်းထန်စွာ ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူဖြတ်သန်းခဲ့ရသည့် ၀ိညဉ်ရေးရာ တိုက်ပွဲ အကြောင်းကို ကျွန်ုပ်၏ ကျမ်းစာကျောင်းမှာ ကျောင်းသားများအား ပြန် ဝေငှပေးရန် တောင်းဆိုလိုက်ရာ၊ သူက လိုက်လိုက်လျောလျော လက်ခံလိုက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ နှစ်ယောက် သူ လာနိုင်မည့် ရက်ကို ၀မ်းသာအားရ ညှိနှိုင်းပြီး အစီအစဉ်ဆွဲလိုက်ကြသည်။ သို့သော် တော်မီ တစ်ယောက် သူ ဝေငှသက်သေခံရန် ကျွန်ုပ်နှင့် ချိန်းထားသည့် နေ့တွင် မရောက်လာ နိုင်တော့ပါ။ ကျွန်ုပ်တို့ ချိန်းဆိုထားသည့် ရက်ရောက်ရန် ရက် အနည်းခန့် အလိုတွင် တော်မီ ထံမှ ဖုန်းဝင်လာသည်။

“သူငယ်ချင်း… ငါ အရမ်းလာချင်တယ်…ဒါပေမဲ့ ငါရောက်မလာနိုင်တော့ဘူးထင်တယ်…ငါ အခု မထနိုင်တော့ဘူး” အားတင်းလျက်ပြောသော သူ၏ အသံကို ကြားရသောအခါ ကျွန်ုပ်သူ့ကို ဆုတောင်းပေးရင်း အားပေးစကား အနည်းငယ် ပြောဖြစ်လိုက်သည်။

နောက်တစ်ရက် တော်မီသည် ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲ နေရန် အတွက် သူချစ်သော မိသားစုကို စွန့်ခွါခဲ့သည်။ တော်မီ ဆုံးသွားသည့် သတင်းကို သူ၏အဖေထံမှ ကြားရသည်။ သူ၏ အုတ်ဂူ ပေါ်တွင် ရေးသားမည့် နှုတ်ကပတ်တော် ကို ကျွန်ုပ်အား ရွေး ခိုင်းရန် တော်မီ က မသေခင် မှာသွားခဲ့ကြောင်း သူ၏ ဖခင်ကပြောသည်။ ထို့ကြောင့် ကျွန်ုပ်သည် တော်မီ ၏ အုတ်ဂူထက်တွင် ရေးထွင်းမည့် ကျမ်းစာ တပိုဒ်ကို ရွေးပေးလိုက်သည်။

“Blessed are those who recognize they are spiritually helpless. The kingdom of heaven belongs to them.” (Matthew 5:3)(God’s Word translation)

သောင်းနိုး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on July 20, 2016 by in Salvation, Thawngno and tagged .

Navigation

VISITORS NUMBER

  • 78,523 Since July 2011

Enter your email address to follow this blog and receive notifications of new posts by email.

Join 1,727 other followers

Hours & Info

(202) 347-8355
____________________
Sunday Worship:
1:30 PM - 4:30 PM

____________________
Home Cells:
Maryland: Fri 7:00 PM
Virginia: Mon 7:00 PM